မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းတွေရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်က ဇူလိုင်လ အတွင်းမှာ အနုပညာလောကသားတွေ အနေနဲ့ အလုပ်တွေ ပြန်လုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Photo: Nyi Nyi



အနုပညာလောကသားတွေ အားလုံး ဇူလိုင်လအတွင်းမှာ ကြော်ငြာရိုက်ကူးမှုတွေ ပြန်လည်လုပ် ဆောင်နိုင်ဖို့အတွက် အစည်းအရုံးက စီစဥ်ဆောင်ရွက်နေတယ်လို့ အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ဆိုပါတယ်။ ရိုက်ကူးရေးတွေ လုပ်မယ့်အချိန်မှာလည်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ သူက ပြောပါတယ်။

“ ဒီလကုန်ရင် Lock Down ဖြည်မယ်ဆိုတော့ ဇူလိုင်ဆိုရင် ရိုက်လို့ရမှာကတော့ ကြော်ငြာပါပဲ။ အခုဆိုရင် ကြော်ငြာက (၁၅) ခုရှိတယ်။ ဇာတ်လမ်းတွဲက ၃ ခု၊ ၄ ခုလောက်ရှိတယ်၊ ရုပ်ရှင်ကတည်း တစ်ကားရှိတယ်။ ရိုက်ကူးချင်တဲ့ သူတွေကို ဇွန်လ (၂၅) ရက်နေ့မှာ တွေ့ကြပြီး စည်းကမ်းချက်တွေ လုပ်ကြမယ်။ ရိုက်ကူးရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရိုက်ရမယ်။ ရိုက်ကူးပါ့မယ်ဆိုတာကိုလည်း ဝန်ခံ ကတိပြုရမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စအဝဝကိုလည်း တာဝန်ယူပါ့မယ်ဆိုပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ရိုက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်းမှာ Lockdown ဖြည်ရင် ဒုတိယအကြိမ်ဆိုတာ ရှိတယ်။ မြန်မာပြည်မှာလည်း Lock Down ဖြည်ပြီ အဲဒီအခါကျရင် ဒုတိအကြိမ်ဆိုတာကို သတိထားရမယ်။ ဒါပေမယ့် လူတွေက ပေါ့ဆလာကြတယ်။ ဒါကြောင့် တော်တော် သတိ၊ ဝီရိယနဲ့ ရိုက်ရမှာပဲ။ ရုပ်ရှင်အစည်းအရုံး အနေနဲ့ ကိုယ့်လောကသားတွေရဲ့ စားဝတ်နေရေး အဆင်ပြေအောင် တတ်နိုင်သလောက် ကူညီတာပါ”လို့ သူက Duwun ကိုပြောပါတယ်။



Photo: Nyi Nyi

ကြော်ငြာရိုက်ကူးမှုတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးမယ်ဆိုပါက ချမှတ်ထားတဲ့ စည်းမျဥ်း၊စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ဥက္ကဌကဆိုပါတယ်။ရုပ်ရှင်ရိုက်ကူးရေးမှာ လူဦးရေ များတာကြောင့်လည်း တာဝန်ကြီးနိုင်တယ်လို့ သူကဆက်လက်ပြောပြခဲ့ပါတယ်။

“ကိုယ့်ရုပ်ရှင်လောကသားတွေက ဒီကာလထဲမှာ ရုပ်ရှင်တွေ ပြန်ရိုက်မယ်ဆိုရင် ဘယ်လို စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ရိုက်ကြမလဲ။ ဒုတိယအကြိမ်ဆိုတာမျိုး မကြုံတွေ့အောင်ပေါ့။ ကိုယ့်အဖွဲ့ထဲမှာ ပါလာမယ့် စာရင်းတွေကို သေသေချာချာ သိဖို့လိုတယ်။ အဲဒီလူတွေရဲ့ ခရီးသွား ရာဇဝင် ပြည်တွင်း၊ ပြည်ပ ရှိမရှိ၊ ရှုတင်မတိုင်ခင် တစ်လအလို မှာ သိရမယ်။ သူတို့နေထိုင်တဲ့ ရပ်ကွက်၊ လမ်းတွေ၊ မြို့နယ်အတွင်းမှာ သံသယလူနာတွေရှိသလား၊ သံသယလူနာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ခြင်း ရှိ၊ မရှိ ရာဇဝင်တွေမှာ လိုက်ပြီးတော့ ကိုယ်ရေးရာဇဝင် ဖောင်လေးတွေပြုစုပေးရမယ်။ ဒါမှ တစ်ခုခုဖြစ်ရင် လိုက်လို့ရမှာ။ တာဝန်တော့ နည်းနည်းကြီးတယ်" ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က ပြောခဲ့တာပါ။

Photo: Nyi Nyi

ဦးညီညီထွန်းလွင်ဟာ COVID-19 ကာလအတွင်းမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက်လည်း စိတ်မကောင်းဘူးလို့ဆိုပါတယ်။ ဒါကြောင့် ရိုက်ကူးရေးတွေ ပြန်လုပ်တဲ့အခါမှာ သေချာ သတိထားစေချင်တယ်လို့ သူက ပြောပါတယ်။ " ကြော်ငြာက ၁၄ ယောက်၊ ၁၅ ယောက်နဲ့ ရိုက်လို့ရတယ်။ ရုပ်ရှင်က လူ ၆၀၊ ၇၀ လောက်အထိရှိတယ်။ တစ်ခုခုဖြစ်ရင် လိုက်ဖို့ကလည်း ခက်တယ်။ ဥပမာ ကွမ်းစားတာက အစပေါ့။ ဒီကာလမှာ ကွမ်းစားတာကိုလည်း ဖျက်သင့်တယ်။ အစည်းအရုံးကလည်း ဇူလိုင်လောက် အထိပဲ ပံ့ပိုးပေးနိုင်မှာ သြဂုတ်လ လောက်ကစပြီး ကိုယ့်ဘာသာကိုယ် ရုန်းရတော့မှာ။ ဒါကြောင့် လောကသားတွေကိုယ်တိုင်ကလည်း စည်းမျဉ်း စည်းကမ်းတွေကို လေ့လာကြဖို့၊ ဘာပဲပြောပြော ဒုတိယအကြိမ် ဆိုတာ မဖြစ်လာအောင် အတတ်နိုင်ဆုံးတော့ သတိထားသင့်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nyi Nyi

အနုပညာလောကသားတွေ အားလုံးဟာ ၂၀၂၀ ခုနှစ် မတ်လ အတွင်းက စပြီး COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ရေးအတွက် ကြော်ငြာရိုက်ကူးရေး၊ ဇာတ်ကားရိုက်ကူးရေးတွေ နားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ လောကသားတွေအတွက် နာမည်ကျော်သရုပ်ဆောင်များ ကလည်း စားနပ်ရိက္ခာတွေအပြင် ငွေကြေးထောက်ပံ့မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လု့ိ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က