ဘတ်ချန်းက လယ်သမား ၁,၃၉၈ ဦးရဲ့ အကြွေးတွေဆပ်ပေးခဲ့ပါတယ်။

အိန္ဒိယ ဘောလိဝုဒ်စူပါစတား မင်းသားကြီး အမီတာဘတ်ချန်းက ရူပီးငွေ သန်း ၄၀ (အမေရိကန်ဒေါ်လာ ၅၆၀,၀၀၀) ပမာဏရှိတဲ့ လယ်သမားတွေရဲ့ အကြွေးတွေဆပ်ပေးခဲ့တယ်လို့ သူ့ရဲ့ဘလော့ဂ်မှာ ပြောထားပါတယ်။ ဘတ်ချန်းက လယ်သမား ၁,၃၉၈ ဦးရဲ့ အကြွေးတွေဆပ်ပေးခဲ့တယ်လို့ သူ့ရဲ့ဘလော့မှာ နိုဝင်ဘာ  ၂၀ ရက်နေ့က ရေးသားထားခဲ့ပါတယ်။



လယ်သမားတွေရဲ့ အကြွေးကိုဆပ်ပေးရခြင်းဟာ သူ့အတွက် အောင်မြင်မှုတစ်ခုအဖြစ် ခံစားခဲ့ရတယ်လို့လည်း ဘတ်ချန်းကဆိုပါတယ်။ ဘောလိဝုဒ်မင်းသားကြီးဘတ်ချန်း (Amitabh Bachchan) က သူရဲ့ မွေးဇာတိ အူတာပရာဒက်ရှ်ပြည်နယ်မှ လယ်သမားတွေရဲ့အကြွေးကို သူတို့ကိုယ်စား ဆပ်ပေးခဲ့တာဖြစ်ပါတယ်။

အိန္ဒိယမှာ လယ်သမား ထောင်ပေါင်းများစွာဟာ အကြွေးနွံနစ်နေကြတယ်လု့လည်း သိရပါတယ်။ အိန္ဒိယမှာ စိုက်ပျိုးရေးလုပ်ငန်းဟာ မိုးခေါင်မှုနဲ့ ရေအရင်းအမြစ်လျော့နည်းလာမှုတို့ကြောင့် အခက်အခဲကြုံနေခဲ့ရတာ ဆယ်စုနှစ်များနဲ့ချီပြီး ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထုတ်လုပ်နိုင်မှုကျဆင်းလာခြင်းနဲ့ ခေတ်မီ နည်းပညာနဲ့ စက်ကိရိယာများ မရှိခြင်းတို့ ကြုံတွေ့နေရပါတယ်။

အိန္ဒိယမှာ လယ်သမားများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေဟာလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အခက်အခဲတွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှစပြီး အိန္ဒိယလယ်သမား ၃၀၀,၀၀၀ ထက်မနည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတယ်လို့ သိရပါတယ်။



အူတာပရာဒက်ရှ်မှ လယ်သမားတွေရဲ့အကြွေးများ ဆပ်ပေးခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် မင်းသားကြီးဘတ်ချန်းဟာ အိန္ဒိယရဲ့ အကျော်ကြားဆုံးနဲ့ လူသိအများအဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ဘတ်ချန်းက လယ်သမားတွေ အကြွေးဆပ်ရမယ့် အစိုးရပိုင် Bank of India ကို သူတို့ကိုယ်စား အကြေးဆပ်ပေးခဲ့ပါတယ်။

အကြွေးပေးဆပ်ပြီးကြောင်း ဘဏ်ရဲ့အသိအမှတ်ပြု စာရွက်စာတမ်းတွေကိုလည်း  လယ်သမားတွေထံ ပေးအပ်သွားရန် ဘတ်ချန်းက စီစဉ်နေပါတယ်။ အကြွေးဆပ်ပေးခဲ့တဲ့ လယ်သမားအားလုံးကို သူနေထိုင်ရာ မွမ်ဘိုင်းမြို့ကိုခေါ်ဆောင်ရန် အခက်အခဲရှိတာကြောင့် လယ်သမား ၇၀ ကိုသာ ရထားဖြင့်ခေါ်ဆောင်ပြီး တွေ့ဆုံသွားမယ်လို့ ဘတ်ချန်းကဆိုပါတယ်။

အဆိုပါ လယ်သမားတွေကို ဘဏ်မှထုတ်ပေးလိုက်တဲ့ ကြွေးမြီပေးဆပ်ပြီးကြောင်း စာရွက်စာတမ်းများ ပေးအပ်သွားရန် ဘတ်ချန်းက စီစဉ်ထားတယ်လို့ သိရပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှ လယ်သမားတွေဟာ ဘတ်ချန်းနေထိုင်ရာ မွမ်ဘိုင်းမြို့ကို လာမယ့် နိုဝင်ဘာ ၂၆ ရက်မှာ ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။



မင်းသားကြီးဘတ်ချန်းက ယခုနှစ်အစောပိုင်းမှာလည်း မွမ်ဘိုင်းမြို့ရဲ့ မဟာရက်ရှ်ထရာပြည်နယ်မှ လယ်သမား ၃၅၀ အတွက် အကြွေးဆပ်ပေးခဲ့ပါသေးတယ်။ မဟာရက်ရှ်ထရာမှ အိန္ဒိယလယ်သမား ထောင်ပေါင်းများစွာက ပြီးခဲ့တဲ့နှစ်အတွင်း ပေးဆပ်ရမယ့် အကြွေးတွေပယ်ဖျက်ပေးရန်နဲ့ စိုက်ပျိုးသီးနှံများဈေးနှုန်းများ တိုးမြှင့်ပေးရန် စုရုံးဆန္ဒပြခဲ့ကြဖူးပါတယ်။

လယ်သမားတွေအတွက် အကြွေးဆပ်ပေးခဲ့တဲ့ မင်းသားကြီးဘတ်ချန်းဟာ ရုပ်ရှင်ဇာတ်ကား ၁၉၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဘတ်ချန်းက လတ်တလောနှစ်များအတွင်း ဘောလိဝုဒ်မှာသာမက ဟောလိဝုဒ်ရုုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မင်းသားကြီးဘတ်ချန်းက အိန္ဒိယရုပ်မြင်သံကြား အစီအစဉ်တစ်ခုဖြစ်တဲ့ Kaun Banega Crorepati (Indian version of Who Wants to be a Millionaire) မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က