တွမ်န့်ခ်စ်တို့စုံတွဲဟာ ဩစတြေးလျမှာရောက်ရှိနေစဥ် ဗိုင်းရပ်စ်ကူးစက်ခံထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဩစတြေးလျမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရတဲ့ ဟောလိဝုဒ်မင်းသားကြီး တွမ်ဟန့်ခ်စ်နဲ့ ၎င်းရဲ့ဇနီး မင်းသမီး ရီတာဝီလ်ဆင်တို့ ဆေးရုံမှဆင်းနိုင်ပြီလို့ သိရပါတယ်။

(တွမ်ဟန့်ခ်စ်စုံတွဲ) (Photo: Getty Images)

အော်စကာဆုရ မင်းသားကြီးတွမ်န့်ခ်စ်တို့ ဇနီးမောင်နှံဟာ ဩစတြေးလျမှာရောက်ရှိနေစဥ် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဆေးရုံတက်ရောက်ကာ ကုသမှုခံယူခဲ့ရပါတယ်။ ယခုအခါမှာတော့ တွမ်ဟန့်ခ်စ်စုံတွဲဟာ ဆေးရုံမှဆင်းပြီး ကွင်းစ်လန်းပြည်နယ်ရှိ ငှါးရမ်းထားတဲ့ နေအိမ်မှာ ၎င်းတို့ကိုယ်တိုင် ရောဂါခြေချုပ်ဖြင့် နေထိုင်လျက်ရှိပါတယ်။



အသက် ၆၃ နှစ်အရွယ်တွေဖြစ်ကြတဲ့ တွမ်ဟန့်ခ်စ်တို့ ဇနီးမောင်နှံဟာ ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေစဥ် ဖျားနာလာခဲ့ပြီးနောက် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပါတယ်။ တွမ်ဟန့်ခ်စ်ဟာ အဆိုတော် အဲလ်ဗစ်ပရက်စလေ (Elvis Presley) ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်အတွက် ဩစတြေးလျကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Deadline Hollywood သတင်းအရ ဒါရိုက်တာ Baz Luhrman ရိုက်ကူးတဲ့ အဲလ်ဗစ်ပရက်စလေ ရုပ်ရှင်ဇာတ်ကားမှာ တွမ်ဟန့်ခ်စ်က ကမ္ဘာကျော်အဆိုတော်ရဲ့ ကာလရှည်ကြာ မန်နေဂျာဖြစ်သူ Colonel Tom Parker အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

မင်းသားကြီးတွမ်ဟန့်ခ်စ်ဟာ Forrest Gump, The Terminal, The Green Mile, Philadelphia, Saving Private Ryan, Big, Catch Me If You Can, Captain Philips, Bridge of Spies, Sully, The Post ဇာတ်ကားများ အပါအဝင် အောင်မြင်ကျော်ကြား ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

(၁၉၉၅ ခုနှစ်မှာ အော်စကာဆုရခဲ့စဥ်က တွမ်ဟန့်ခ်စ်) (Photo: John Barr/Liaison)

တွမ်ဟန့်ခ်စ်ဟာ ၁၉၉၄ ခုနှစ်မှာ Philadelphia၊ ၁၉၉၅ ခုနှစ်မှာ Forrest Gump ဇာတ်ကားတို့ဖြင့် အကောင်းဆုံးမင်းသားအဖြစ် အော်စကာဆု နှစ်ကြိမ်ရရှိထားပါတယ်။ ဒါ့အပြင် ၁၉၈၉ ခုနှစ်မှာ Big၊ ၁၉၉၉ ခုနှစ်မှာ Saving Private Ryan၊ ၂၀၀၁ ခုနှစ်မှာ Cast Away ဇာတ်ကားတို့ဖြင့်လည်း အကောင်းဆုံးမင်းသားအဖြစ် အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း A Beautiful Day in the Neighborhood ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ဆုအတွက် အော်စကာ ဆန်ခါတင်စာရင်းဝင်ခဲ့ကြောင်း သိရပါတယ်။

(ဗြိတိသျှမင်းသား အက်ဒ်ရစ်အယ်လ်ဘာ) (Photo: AP)

တွမ်ဟန့်ခ်စ်အပြင် အခြား နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဗြိတိသျှမင်းသား အက်ဒ်ရစ်အယ်လ်ဘာ (Idris Elba) ဟာလည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မတ်လ ၁၆ ရက်နေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။ "ကျွန်တော်‌ နေလို့ကောင်းပါတယ်၊ ကျွန်တော့်မှာ ရောဂါလက္ခဏာတွေ မရှိပါဘူး၊ မကြောက်ပါနဲ့" လို့ အက်ဒ်ရစ်က Twitter မှာ ပြောထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် WHO က မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က