အမီတာဘချန်းနဲ့ ၎င်းရဲ့သားဖြစ်သူ မင်းသား အဘီရှက်ဘချန်းတို့ COVID-19 ကူးစက်ခံထားရပါတယ်။

အိန္ဒိယရဲ့ အကျော်ကြားဆုံး ဘောလိဝုဒ်စတား မင်းသားကြီး အမီတာဘချန်းနဲ့ သားဖြစ်သူ မင်းသား အဘီရှက်ဘချန်းတို့ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ၎င်းတို့က ဇူလိုင် ၁၁ ရက်ညနှောင်းပိုင်းမှ ပြောပါတယ်။

ကျွန်တော့်မှာ COVID-19 ပေါ့စတစ်ဖြစ်ခဲ့ပြီး ဆေးရုံကို ရွှေ့ပြောင်းခဲ့ပါတယ်


(Image: @SrBachchan/Twitter)

၎င်းတို့နှစ်ဦးလုံးကို ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ "ကျွန်တော့်မှာ COVID-19 ပေါ့စတစ်ဖြစ်ခဲ့ပြီး ဆေးရုံကို ရွှေ့ပြောင်းခဲ့ပါတယ်၊ ဆေးရုံက တာဝန်ရှိသူတွေက သတင်းပို့ခဲ့ပါတယ်၊ ကျွန်တော့်မိသားစုနဲ့ ဝန်ထမ်းတွေကို ဆေးစစ်နေပါတယ်၊ အဖြေတွေကို စောင့်နေပါတယ်" လို့ အမီတာဘချန်းက ၎င်းရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။ ထို့နောက် မိနစ်ပိုင်းအကြာမှာတော့ အမီဘာဘချန်းရဲ့သား အသက် ၄၄ နှစ်အရွယ် မင်းသား အဘီရှက်ထံမှာလည်း COVID-19 ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

"ကျွန်တော်တို့ သားအဖနှစ်ယောက်လုံး မပြင်းထန်တဲ့ COVID-19 ရောဂါလက္ခဏာတွေ ဖြစ်နေကြပြီး ဆေးရုံတက်ခဲ့ပါတယ်၊ သက်ဆိုင်ရာ အာဏာပိုင်တွေကို လိုအပ်သလို အကြောင်းကြားထားပြီး ကျွန်တော်တို့ မိသားစုနဲ့ ဝန်ထမ်းတွေကိုလည်း ဆေးစစ်ထားပါတယ်၊ အားလုံးကို စိတ်အေးအေးထားဖို့နဲ့ အလွန်အကျွံ ကြောက်လန့်တကြား မဖြစ်ကြဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်" လို့ အမီတာဘချန်းရဲ့သား အဘီရှက်ကလည်း Twitter မှာ ပြောခဲ့ပါတယ်။

အားလုံးကို စိတ်အေးအေးထားဖို့နဲ့ အလွန်အကျွံ ကြောက်လန့်တကြား မဖြစ်ကြဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်

(Image: @juniorbachchan/Twitter)

အမီတာဘချန်းနဲ့ သားဖြစ်သူ အဘီရှက်တို့ဟာ မွမ်ဘိုင်းမြို့ရှိ Nanavati ဆေးရုံမှာ တက်ရောက်ခဲ့ကြပါတယ်။ အမီတာဘချန်းရဲ့ သတင်းကို ကြားသိကြပြီးနောက် အိန္ဒိယတစ်ဝှမ်းမှ ပရိသတ်များ၊ နိုင်ငံရေးသမားများနဲ့ သရုပ်ဆောင်များနဲ့ စီးပွားရေးလုပ်ငန်းရှင်များက သားအဖနှစ်ဦးလုံး အမြန်ဆုံး အပြည့်အဝ ပြန်လည်သက်သာလာစေရန် ဆုတောင်းခဲ့ကြပါတယ်။

"ခင်ဗျား နေပြန်ကောင်းပြီး ဆေးရုံကနေ မဆင်းရမချင်း အစားမစားဘဲ ဆုတောင်းနေမယ်" လို့ အမီတာဘချန်းရဲ့ ပရိသတ်တစ်ဦးဖြစ်သူ မန်နော့ဂျ်ပန်ဒစ်ဆိုသူက Twitter မှာ ရေးထားပါတယ်။ မင်းသားကြီး အမီတာဘချန်းရဲ့ Twitter မှာ ၎င်းရဲ့ပရိသတ် follower ၄၃ သန်းကျော်ရှိတာ ဖြစ်ပါတယ်။

(Photo: The Financial Express)

အိန္ဒိယနိုင်ငံမှာ လတ်တ‌လော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပြီး ယနေ့ (ဇူလိုင် ၁၂ ရက်) အထိ ကိန်းဂဏန်းတွေအရ ကူးစက်ခံရသူ ၈၅၁,၀၀၀ ကျော်၊ သေဆုံးသူ ၂၂,၆၉၆ ဦးနဲ့ ပြန်လည်သက်သာသူ ၅၃၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် တတိယမြောက် COVID-19 ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှာတော့ ကူးစက်ခံရသူ ၈၄,၅၀၀ ကျော် တွေ့ရှိခဲ့ရပြီး ၄,၈၉၉ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။ ဘောလိဝုဒ်ရဲ့ အထင်ကရဖြစ်သူ မင်းသားကြီး အမီတာဘချန်းဟာ COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနေခဲ့ပြီး အများပြည်သူ ပညာပေးကြော်ငြာတွေမှာည်း ပါဝင်ထားပါတယ်။

ခင်ဗျား နေပြန်ကောင်းပြီး ဆေးရုံကနေ မဆင်းရမချင်း အစားမစားဘဲ ဆုတောင်းနေမယ်

(Photo: New Indian Express)

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ အမီတာဘချန်းဟာ ရုပ်ရှင်နယ်ပယ်ကို ၁၉၆၉ ခုနှစ်မှာ စတင်ခြေချခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့ပါတယ်။ မင်းသားကြီး အမီတာဘချန်းဟာ ၁၉၈၂ ခုနှစ်က အက်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့စဥ် ရုပ်ရှင်ရိုက်ကွင်းမှာ သေစေနိုင်လောက်တဲ့ ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြင့် လနဲ့ချီကြာတဲ့အထိ နေမကောင်းဖြစ်ခဲ့ဖူးပါတယ်။

လတ်တလော နှစ်များအတွင်း အမီတာဘချန်းဟာ "Kaun Banega Crorepati" ခေါ် အိန္ဒိယဗားရှင်း "Who Wants to be a Millionaire?" တီဗီရှိုးမှာ အစီအစဥ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အစီအစဥ်ဟာ လူကြည့်အများဆုံး တီဗီရှိုးတွေအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(နောက်ဆက်တွဲသတင်းအရ မင်းသား အဘီရှက်ရဲ့ ဇနီးဖြစ်သူ ကမ္ဘာ့အလှမယ်ဟောင်း ဘောလိဝုဒ်စတား မင်းသမီး အက်ရှ်ဝါရာရိုင်းနဲ့ သမီးလေး Aaradhya (မင်းသားကြီး အမီတာဘချန်းရဲ့ ချွေးမနဲ့မြေး) တို့လည်း COVID-19 ကူးစက်ခံထားရတယ်လို့ သိရပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က