ဆူရှန်သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်နေတဲ့ ဆေးဝါးအမှုဖြင့် မင်းသမီးချက်ကရာဘော်တီကို ဖမ်းဆီးခဲ့ပါတယ်။

ဇွန်လအတွင်း သေဆုံးခဲ့တဲ့ ဘောလိဝုဒ်သရုပ်ဆောင် ဆူရှန်ဆင်းရာ့ဂျ်ပွတ်ရဲ့ချစ်သူ မင်းသမီး ရီအာချက်ကရာဘော်တီကို မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

(Photo: India TV News)

ဆူရှန်ရဲ့ချစ်သူ မင်းသမီးချက်ကရာဘော်တီကို မူးယစ်ဆေးဝါးအမှုတစ်ခုဖြင့် အိန္ဒိယနိုင်ငံရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ (Narcotics Control Bureau-NCB) က အင်္ဂါနေ့ (စက်တင်ဘာ ၈ ရက်) မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ NCB က ချက်ကရာဘော်တီကို သုံးရက်ဆက်တိုက် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဖမ်းဆီးလိုက်တာပါ။ ယခုအမှုဟာ မင်သားဆူရှန် သေဆုံးမှုကို စုံစမ်းစစ်ဆေးနေမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။



ချက်ကရာဘော်တီက ဆူရှန်အတွက် ဆေးခြောက်ဝယ်ယူခဲ့တယ်လို့ NCB က ဆိုပါတယ်။ အသက် ၃၄ နှစ်အရွယ် ဘောလိဝုဒ်မင်သား ဆူရှန်ဟာ ဇွန် ၁၄ ရက်နေ့က မွမ်ဘိုင်းမြို့ရှိ သူ့ရဲ့တိုက်ခန်းမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဆူရှန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

(Photo: ThePrint)

ဒါပေမဲ့ သူ့ရဲ့မိသားစုကတော့ သူ့ရဲ့ချစ်သူ မင်းသမီးချက်ကရာဘော်တီကို ရဲစခန်းမှာ အမှုဖွင့်တိုင့်ကြားခဲ့ပြီး ဆူရှန်ကို သေကြောင်းကြံစည်ရန် အားပေးကူညီခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ချက်ကရာဘော်တီက သူမ အနေနဲ့ အမှားတစ်စုံတရာ ကျူးလွန်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပြီး ဆူရှန်သေဆုံးမှုကို တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီး Amit Shah ထံ မေတ္တာရပ်ခံထားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က မင်းသမီးချက်ကရာဘော်တီကို မည်သည့်အမှုဖြင့် တိုင်ကြားထားကြောင်း ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ရဲတပ်ဖွဲ့က ချက်ကရာဘော်တီရဲ့ မောင်ဖြစ်သူ Showik နဲ့ မင်းသားဆူရှန်ရဲ့ ယခင် နေအိမ်စီမံခန့်ခွဲမှု မန်နေဂျာ Samul Miranda တို့ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အလားတူ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

(Photo: Getty Images)

အသက် ၂၈ နှစ်အရွယ် မင်းသမီးချက်ကရာဘော်တီဟာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ မင်းသားဆူရှန်နဲ့ ပတ်သက်ပြီး လူသိအများဆုံးသူတစ်ဦးလည်း ဖြစ်လာပါတယ်။ နာမည်ကြီးမင်းသား ဆူရှန် သေဆုံးမှုဟာ လတ်တ‌လော လပိုင်းအတွင်း အိန္ဒိယမှာ စိတ်ဝင်တစားဖြင့် အငြင်ပွားနေကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေခဲ့ပါတယ်။

မင်းသားဆူရှန်လို အောက်ခြေဘဝကနေ အောင်မြင်တဲ့ ဘောလိဝုဒ်သရုပ်ဆောင် ဖြစ်လာတဲ့အထိ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြတ်သန်းလာသူဟာ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့လဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို သူ့ရဲ့ပရိသတ်တွေ သိချင်နေကြပါတယ်။

(Photo: Getty Images)

ဆိုရှယ်မီဒီယာနဲ့ သတင်းဌာနတွေမှာတော့ ဆူရှန်နဲ့ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ အနုပညာအလုပ်အကြောင်း အသေးစိတ်များ၊ ငွေရေးကြေရေးဆိုင်ရာများနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာအထိ ရေးသားဖော်ပြမှုနဲ့ ဆွေးနွေးမှုတွေ ရှိနေခဲ့ပါတယ်။ အိန္ဒိယရုပ်သံသတင်းတွေမှာလည်း ဆူရှန်နဲ့ ချက်ကရာဘော်တီတို့ရဲ့ ပုဂ္ဂိုလ်ရေးဘဝတွေကို ဆွေးနွေးသုံးသပ်မှုတွေ တင်ဆက်ခဲ့ကြပါတယ်။

ဆူရှန်နဲ့ ချက်ကရာဘော်တီတို့ဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ထိုနှစ် ဒီဇင်ဘာလမှာ အတူနေခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆူရှန် မသေဆုံးမီ တစ်ပတ်အလို ဇွန် ၈ ရက်နေ့မှာ ချက်ကရာဘော်တီက သူမရဲ့ မိဘများထံ ပြန်သွားခဲ့တာဖြစ်ပြီး မင်းသား သေဆုံးချိန်က နေအိမ်မှာ ရှိမနေခဲ့ပါဘူး။

(Photo: ThePrint)

မင်းသားဆူရှန် သေဆုံးခဲ့ပြီးနောက် သူဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ခံစားနေခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ သတင်းဌာနတွေရဲ့ အာရုံစိုက်မှုဟာ ဆူရှန်ရဲ့ အတူနေချစ်သူ မင်းသမီးချက်ကရာဘော်တီထံ ရောက်သွားခဲ့ပြီး သူမနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုများ၊ ပူးပေါင်းကြံစည်မှု အယူအဆများ၊ အတင်းအဖျင်းများနဲ့ အတည်မပြုနိုင်တဲ့ သတင်းများ မျိုးစုံထွက်ပေါ်နေခဲ့ပါတယ်။

မင်းသားဆူရှန်ရဲ့ ဖခင်က မင်းသမီးချက်ကရာဘော်တီကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် အိန္ဒိယမီဒီယာတွေက မင်းသားသေဆုံးမှုအပေါ် အလွန် အာရုံစိုက်လာခဲ့ကြပါတယ်။ ဆူရှန်ရဲ့ဖခင်က သားဖြစ်ထံမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ မရှိကြောင်းနဲ့ မင်းသမီးချက်ကရာဘော်တီဟာ သားဖြစ်သူရဲ့ ငွေတွေကို ခိုးယူနေကြောင်း အပါအဝင် အခြား စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

(Photo: Times of India)

မင်းသမီးချက်ကရာဘော်တီဟာ ဆိုရှယ်မီဒီယာဟာ လှောင်ပြောင်သရော်မှုတွေ လနဲ့ချီ တွေ့ကြုံခဲ့ရပြီး သူမကို သိုက်တူးသမားလို့ သုံးနှုန်းခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ ချက်ကရာဘော်တီက သူမဟာ မမျှတတဲ့ မီဒီယာတွေရဲ့ စီရင်မှုကြုံနေရကြောင်း တရားရုံးချုပ်ထံ အကြောင်းကြားခဲ့ပြီး ထုတ်ပြန်ချက်များနဲ့ ရုပ်သံအင်တာဗျူးများပြုလုပ်ကာ သူမအပေါ် စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားခဲ့ပါတယ်။

ဆူရှန်ဆိုတာ ...

ဘောလိဝုဒ်မင်းသား ဆူရှန်ဟာ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲမှာပါဝင်တဲ့ ဘီဟာပြည်နယ်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ဆူရှန်ဟာ သူ့ရဲ့ အောင်မြင်တဲ့ ဘောလိဝုဒ်ဇာတ်ကားတွေထဲမှာ သူ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အချို့ကဲ့သို့ပင် တစ်မူထူးခြားတဲ့ ဘဝတစ်ခုမှာ ရှင်သန်နေထိုင်ခဲ့သူလို့ ဆိုပါတယ်။

သူဟာ အလုပ်ကြိုးစားသူဖြစ်ပြီး အိန္ဒိယရဲ့ ထိပ်တန်းအဆင့် အင်ဂျင်နီယာကောလိပ်ကျောင်းထဲမှ ကျောင်းတစ်ကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့သူပါ။ ထိုသို့ တက်ရောက်ပညာသင်ကြားနိုင်ခြင်းက အိန္ဒိယရဲ့ လူလတ်တန်းစား မိသားစုတွေအတွက် ခိုင်မာတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်တဲ့လမ်းကြောင်းလို့ ဆိုပါတယ်။ သို့သော် ဆူရှန်ရဲ့ နှလုံးသားက သရုပ်ဆောင်ခြင်းကို ခုံမင်နှစ်သက်ခဲ့ပါတယ်။

(Photo: Times of India)

ဆူရှန်က အင်ဂျင်နီယာကောလိပ်မှထွက်ပြီး ဘောလိဝုဒ်အခြေစိုက်တဲ့ မွမ်ဘိုင်းမြို့တော်ဆီကို ခြေဆန့်လာခဲ့ပါတယ်။ ဆူရှန်ဟာ မထင်မရှား သရုပ်ဆောင်အဖြစ် စတင်ခဲ့ပြီး ပြဇာတ်နယ်ပယ်မှာ နှစ်နဲ့ချီ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆူရှန်ဟာ တီဗီရှိုးမှာ အောင်မြင်လာခဲ့ပြီး ထိုမှတစ်ဆင့် ဘောလိဝုဒ်ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရရှိကာ အောင်မြင်တွေရရှိလာခဲ့ပါတယ်။

ဆူရှန်ရဲ့ တစ်ကယ့်ဘဝ ဖြတ်သန်းမှုအကြောင်းက မြို့ငယ်လေးတွေမှာ လူငယ်လူရွယ်တွေအတွက် သူတို့ရဲ့ ရည်မှန်းချက်အောင်မြင်ရေး စိတ်အားထက်သန်မှု ဖြစ်စေခဲ့ပါတယ်။ ထို့ကြောင့်လည်း ဆူရှန်ရဲ့ ပရိသတ်အများစုက သူ့ရဲ့သေဆုံးမှုကို ၎င်းတို့ရဲ့ ဆုံးရှုံးမှုတစ်ခုအဖြစ် ခံစားခဲ့ကြရပါတယ်။ ဆူရှန်ဟာ ၂၀၁၃ မှ ၂၀၂၀ ခုနှစ်အထိ ခုနစ်နှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကား ၁၂ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က