အသက် ၅၃ နှစ်အရွယ် မင်းသားခန်းဟာ မွမ်ဘိုင်းမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘောလိဝုဒ်မှာသာမက ဟောလိဝုဒ်ရုပ်ရှင်လောကမှာပါ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် အီရ်ဖန်ခန်း ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီရ်ဖန်ခန်း (Irrfan Khan) ဟာ Slumdog Millionaire, Jurassic World, The Amazing Spider-Man, Life of Pi, The Namesak, The Lunchbox, Piku, Hindi Medium အစရှိတဲ့ ဇာတ်ကားများနဲ့အတူ လူသိများသလို အခြား ဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

မင်းသားခန်းက သူ့ရဲ့ အနုပညာသက်တမ်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ဘောလိဝုဒ်ဇာတ်ကား ၅၀ ကျော် ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ သူဟာ ဟောလိဝုဒ်ရုပ်ရှင်နယ်ပယ်မှာပါ အောင်မြင်ကျော်ကြားခဲ့တဲ့ ပထမဆုံး အိန္ဒိယသရုပ်ဆောင်တွေအနက် တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ခန်းက endocrine tumour လို့ခေါ်တဲ့ ရှားပါး ကင်ဆာရောဂါတစ်မျိုး ဖြစ်ပွားနေကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ထို့နောက်မှာတော့ လန်ဒန်မြို့ရှိ ဆေးရုံတစ်ရုံမှာ ကုသမှုခံယူခဲ့ပြီး ထိုရောဂါက သွေးကြောအတွင်း ဟိုမုန်းများထုတ်လွှတ်တဲ့ ဆဲလ်တွေကို ထိခိုက်စေကြောင်း သိရပါတယ်။ ခန်းဟာ ထိုကင်ဆာရောဂါကို နှစ်နဲ့ချီ ရင်ဆိုင်ခဲ့ပြီးနောက် ယနေ့ (ဧပြီ ၂၉ ရက်) မွမ်ဘိုင်းမြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မင်းသားဟာ အူမကြီးမှာ ရောဂါပိုးဝင်ရောက်မှုကြောင့် ယခုသီတင်းပတ် အစောပိုင်းက မွမ်ဘိုင်းမြို့ရှိ ဆေးရုံတစ်ရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ပါတယ်။ ခန်း ကွယ်လွန်သွားကြောင်းကို သူ့ရဲ့ပြောခွင့်ရအမျိုးသားက "သူချစ်တဲ့သူတွေ၊ သူ အရမ်းဂရုစိုက်တဲ့ သူ့မိသားစုက ဝိုင်းရံထားရင်း ကောင်းကင်အုံကို သူ ထွက်ခွာသွားခဲ့ပါပြီ၊ သူ့ရဲ့ တစ်ကယ့် အနုပညာအမွေအနှစ်တွေကို ချန်ထားခဲ့ရင်းပေါ့၊ ကျွန်တော်တို့အားလုံး သူ ငြိမ်းချမ်းရာ နေရာမှာရှိဖို့ ဆုတောင်းမျှော်လင့်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မင်းသားခန်းဟာ ရာဂျက်စတန်ပြည်နယ်မှာ မွတ်စလင်မ်မိသားစုက မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဆတစ်ရှ်ရှာမာတို့က ခရစ်ကတ်ကစားရာမှာ ထူးချွန်ကြသူတွေပါ။ ခန်းက ၁၉၈၄ ခုနှစ်မှာ နယူးဒေလီမြို့ရှိ National School of Drama (NSD) မှာ အနုပညာကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မွမ်ဘိုင်းကို ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှ အစပြုကာ ဘောလိဝုဒ်ရုပ်ရှင်လောကကို ခြေချခဲ့သူဖြစ်ပါတယ်။ မင်းသားခန်းဟာ ၁၉၉၅ ခုနှစ်က NSD ကျောင်းနေဘက်ဖြစ်တဲ့ Sutapa Sikdar နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ဦးရှိခဲ့ပါတယ်။ 

Source and Photo: NDTV, India Toda, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က