၁၄ နှစ်အရွယ်ကတည်းက K-pop ဂီတအဖွဲ့ဝင် အဆိုတော်ဖြစ်ခဲ့သူပါ။

မြန်မာပရိသတ်များကြားမှာလည်း လူသိများတဲ့ တောင်ကိုရီးယား ပေါ့ပ်အဆိုတော်နဲ့ မင်းသမီး ဆူလီကို သူမရဲ့နေအိမ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(K-pop စတား မင်းသမီး ဆူလီ) (Photo: All Kpop)

ပေါ့ပ်အဆိုတော်၊ မင်းသမီး ဆူလီကို ဆိုးလ်မြို့တော်အနီး Seongnam မြို့ရှိ သူမရဲ့နေအိမ်မှာ ယနေ့ (အောက်တိုဘာ ၁၄ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်က သေဆုံးလျက်သား တွေ့ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆူလီ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်ကြောင်း ယူဆထားမှုအပေါ် ရဲတပ်ဖွဲ့က အတည်ပြု သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေပါတယ်။


(f(x) K-pop အဖွဲ့ သီဆိုဖျော်ဖြေမှု) (Photo: Getty Images)

"သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပုံရပါတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးသွားမှာပါ" လို့ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ဆူလီရဲ့ မန်နေဂျာဖြစ်သူက သူမကို ဆက်သွယ်လို့မရတာကြောင့် နေအိမ်ကိုလိုက်လာစဉ် ဒုတိယထပ်မှာ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ The Sun သတင်းက ဖော်ပြပါတယ်။ အင်စတာဂရမ်မှာ ပရိသတ်ခြောက်သန်းနီးပါးရှိတဲ့ ပေါ့ပ်စတား မင်းသမီးဆူလီဟာ တောင်ကိုရီးယား K-pop ဂီတအဖွဲ့ f(x) အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။

(K-pop စတား မင်းသမီး ဆူလီ) (Photo: Sulli/IG)

ဆူလီက ၂၀၁၅ ခုနှစ်မှာ f(x) အဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင်ပိုင်းကို ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကား Real နဲ့ ယခုနှစ် ဇူလိုင် ၁၃ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်း ၁၆ ပိုင်းပါ Hotel del Luna ဇာတ်လမ်းတွဲတွေမှာ မင်းသမီးဆူလီ ပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်များကြား ကြည့်ရှုမှုများခဲ့တယ်လို့ ဆိုပါတယ်။

(ဆူလီနဲ့ သူမ ပါဝင်ခဲ့တဲ့ Hotel del Luna ဇာတ်လမ်းတွဲပိုစတာ) (Photo: KpopWiki)

နာမည်အရင်း Choi Jin-ri ဖြစ်တဲ့ ဆူလီ (Sulli) ဟာ ကလေးသရုပ်ဆောင်လည်း ဖြစ်ခဲ့ပြီး K-pop အဖွဲ့ f(x) ကို အသက် ၁၄ နှစ်အရွယ်မှာ ပါဝင်လာခဲ့ပါတယ်။ ဆူလီဟာ အွန်လိုင်းမှာ စော်ကားတိုက်ခိုက်ခံရမှုတွေ ကြုံခဲ့ရပြီးနောက် တောင်ကိုရီးယား K-pop လောကကို ကျောခိုင်းခဲ့တယ်လို့ အချို့က ယုံကြည်ထားကြပါတယ်။ f(x) အဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက် သုံးနှစ်အကြာ ၂၀၁၈ ခုနှစ်မှာတော့ ဆူလီက ဂီတလောကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ယခုနှစ် ဇွန်လအတွင်း သူမရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် Goblin ထွက်ရှိခဲ့ပါတယ်။


Share

Loading Next Article...
က္က