ဩစတြေးလျမှာရောက်ရှိနေစဥ် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အော်စကာဆုရ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား တွမ်ဟန့်ခ်စ်နဲ့ ၎င်းရဲ့ဇနီး မင်းသမီး ရီတာဝီလ်ဆင်တို့ နှစ်ဦးလုံးဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားပြီး ဩစတြေးလျနိုင်ငံမှာ ဆေးရုံတက်နေရပါတယ်။


(Photo: Mark Ralston/AFP)

၎င်းတို့နှစ်ဦးလုံး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အမေရိကန်မင်းသားကြီး တွမ်ဟန့်ခ်စ်က ယမန်နေ့ (မတ်လ ၁၁ ရက်) မှာ အတည်ပြု ပြောခဲ့ပါတယ်။ အသက် ၆၃ နှစ်အရွယ်တွေဖြစ်ကြတဲ့ တွမ်ဟန့်ခ်စ်တို့ ဇနီးမောင်နှံဟာ ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေစဥ် ဖျားနာလာခဲ့ပြီး ယခုအခါမှာတော့ သီးသန့်ခွဲထားကာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေပါတယ်။



တွမ်ဟန့်ခ်စ်ဟာ အဆိုတော် အဲလ်ဗစ်ပရက်စလေ (Elvis Presley) ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်အတွက် ဩစတြေးလျကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာကို အချိန်နဲ့အမျှ အသိပေးသွားမယ်လို့လည်း တွမ်ဟန့်ခ်စ်က အမှိုက်ပုံးထဲမှာ ခွဲခန်းသုံးလက်အိတ်တစ်ဖက် ထည့်ထားတဲ့ဓာတ်ပုံနဲ့အတူ Twitter မှာ ပြောထားပါတယ်။

(Image: Tom Hanks/Twitter)

တွမ်ဟန့်ခ်စ်ဟာ ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ကြေညာထားတဲ့ COVID-19 ကူးစက်ခံရကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားတဲ့ ပထမဆုံး ဟောလိဝုဒ်စတားတစ်ယောက် ဖြစ်ပါတယ်။

Deadline Hollywood သတင်းအရ ဒါရိုက်တာ Baz Luhrman ရိုက်ကူးတဲ့ အဲလ်ဗစ်ပရက်စလေ ရုပ်ရှင်ဇာတ်ကားမှာ တွမ်ဟန့်ခ်စ်က ကမ္ဘာကျော်အဆိုတော်ရဲ့ ကာလရှည်ကြာ မန်နေဂျာဖြစ်သူ Colonel Tom Parker အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

(Photo: REX)

မင်းသားကြီးတွမ်ဟန့်ခ်စ်ဟာ Forrest Gump, The Terminal, The Green Mile, Philadelphia, Saving Private Ryan, Big, Catch Me If You Can, Captain Philips, Bridge of Spies, Sully, The Post ဇာတ်ကားများ အပါအဝင် အောင်မြင်ကျော်ကြား ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

တွမ်ဟန့်ခ်စ်ဟာ ၁၉၉၄ ခုနှစ်မှာ Philadelphia၊ ၁၉၉၅ ခုနှစ်မှာ Forrest Gump ဇာတ်ကားတို့ဖြင့် အကောင်းဆုံးမင်းသားအဖြစ် အော်စကာဆု နှစ်ကြိမ်ရရှိထားပါတယ်။ ဒါ့အပြင် ၁၉၈၉ ခုနှစ်မှာ Big၊ ၁၉၉၉ ခုနှစ်မှာ Saving Private Ryan၊ ၂၀၀၁ ခုနှစ်မှာ Cast Away ဇာတ်ကားတို့ဖြင့်လည်း အကောင်းဆုံးမင်းသားအဖြစ် အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း A Beautiful Day in the Neighborhood ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ဆုအတွက် အော်စကာ ဆန်ခါတင်စာရင်းဝင်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က