ခိုင်လီက Kylie Cosmetics လုပ်ငန်းကို တည်ထောင်ပိုင်ဆိုင်ထားပါတယ်။

အမေရိကန်မော်ဒယ်နဲ့ Reality TV စတား ခိုင်လီဂျန်နာဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့စာရင်းအရ ကိုယ်ပိုင်အစွမ်းအစဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာခဲ့ပါတယ်။

(ကိုယ်ပိုင်အစွမ်းအစဖြင့် အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ ခိုင်လီ) (Photo: Forbes)

နာမည်ကြီး ကာဒက်ရှီယန်မိသားစုမှာ အငယ်ဆုံးဖြစ်တဲ့ ခိုင်လီက သူမရဲ့ ရောင်းအားအကောင်းဆုံး အလှပြင်ပစ္စည်းလုပ်ငန်းကနေ ဝင်ငွေများစွာရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ခိုင်လီက Kylie Cosmetics လုပ်ငန်းကို တည်ထောင်ပိုင်ဆိုင်ထားပါတယ်။ သုံးနှစ်သက်တမ်းရှိပြီဖြစ်တဲ့ Kylie Cosmetics အလှပြင်ပစ္စည်းလုပ်ငန်းကနေ ယမန်နှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန် ၃၆၀ ဝင်ငွေရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ခိုင်လီက အသက် ၂၃ နှစ်အရွယ်မှာ ကိုယ်ပိုင်အစွမ်းအစဖြင့် ဘီလျံနာဖြစ်ခဲ့တဲ့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ထက်စောပြီး အသက် ၂၁ နှစ်အရွယ်မှာပင် ဘီလျံနာတစ်ဦး ဖြစ်လာခဲ့တာပါ။


(ခိုင်လီဂျန်နာတို့သားအမိ) (Photo: eonline)

"ကျွန်မ ဘာမှ မမျှော်လင့်ပါဘူး၊ အနာဂတ်ကို ကြိုမသိနိုင်ဘူးလေ၊ ဒါပေမဲ့ ဒီလို အသိအမှတ်ပြုခံရတာ တစ်ကယ့်ကို ကောင်းတယ်လို့ခံစားရပါတယ်၊ ဒါက အောင်မြင်မှုအတွက် အရမ်းကောင်းတဲ့ ချီးကျူးဂုဏ်ပြုမှုတစ်ခုပါပဲ" လို့ ခိုင်လီက Forbes ကို ပြောခဲ့ပါတယ်။ ခိုင်လီနဲ့ သူမရဲ့လက်တွေဲဖော် ရက်ပ်အဆိုတော် ထရာဗစ်စတော့တ်တို့မှာ Stormi လို့ အမည်ပေးထားတဲ့ သမီးလေးတစ်ဦး ပိုင်ဆိုင်ထားကြပြီး ယခုအခါ အသက်တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။

(ထရာဗစ်၊ သမီးလေး Stormi နဲ့ ခိုင်လီ) (Photo: kyliejenner/Instagram)

Forbes က ယခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ စာရင်းမှာ Amazon ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျက်ဖ်ဘီဇော့က ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ဂျက်ဖ်ဘီဇော့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၃၁ ဘီလီယံဖြစ်ပြီး ၂၀၁၈ ခုနှစ်ကထက် ၁၉ ဘီလီယံ ပိုများလာခဲ့တယ်လို့ Forbes က ပြောထားပါတယ်။

ကမ္ဘာတစ်ဝှမ်း ဘီလျံနာများရဲ့ စုစုပေါင်းပိုင်ဆိုင်မှုကတော့ ၂၀၁၈ ခုနှစ်မှာ ၉.၁ ထရီလီယံမှ ယခုနှစ်မှာ ၈.၇ ထရီလီယံသို့ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ချမ်းသာကြွယ်ဝမှု လျော့ကျသွားတဲ့ ဘီလျံနာတွေထဲမှာ Facebook တည်ထောင်သူ ဇူကာဘတ်လည်း ပါဝင်ပါတယ်။

(ကမ္ဘာ့အချမ်းသာဆုံးအဖြစ် ဆက်လက်ရပ်တည်နေတဲ့ ဂျက်ဖ်ဘီဇော့) (Photo: Reuters)

Forbes စာရင်းအရ ယမန်နှစ်က ဇူကာဘတ်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၆၂.၃ ဘီလီယံဖြစ်ပြီး ယမန်နှစ်ကထက် ၈.၇ ဘီလီယံ လျော့နည်းသွားခဲ့ပါတယ်။ Facebook ဟာ သုံးစွဲသူတွေရဲ့ အတွင်းရေးအချက်အလက်များ ပေါက်ကြားစေမှု အရှုပ်အထွေးကြောင့် ရုန်းကန်ခဲ့ရပြီး ဈေးကွက်ရှယ်ယာတန်ဖိုးများ ကျဆင်းမှုကို ဇူကာဘတ် ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ ဒုတိယနေရာမှ ရပ်တည်နေတဲ့ Microsoft တည်ထောင်သူ ဘီလ်ဂိတ်ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ မြင့်တက်လာခဲ့ပြီး ယမန်နှစ်က ဒေါ်လာ ၉၀ ဘီလီယံမှ ယခုနှစ်မှာ ၉၆.၅ ဘီလီယံ ဖြစ်လာခဲ့တယ်လို့ Forbes က ဆိုပါတယ်။

(ချမ်းသာကြွယ်ဝမှုလျော့နည်းသွားတဲ့ ဇူကာဘတ်) (Photo: Getty Images)

Forbes က ယခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ဘီလျံနာစာရင်းမှာ အမျိုးသမီးဦးရေ ၂၅၂ ဦး ပါဝင်ခဲ့ပြီး ကိုယ်ပိုင်အစွမ်းအစဖြင့် အချမ်းသာဆုံး အမျိုးသမီးကတော့ တရုတ်နိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းရှင် Wu Yajun ဖြစ်ပါတယ်။ Wu Yajun ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ခန့်မှန်းခြေ ဒေါ်လာ ၉.၄ ဘီလီယံ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနှစ် Forbes ဘီလျံနာစာရင်းမှာ ကိုယ်ပိုင်အစွမ်းအစဖြင့် ဘီလျံနာဖြစ်လာတဲ့ အမျိုးသမီး အရေအတွက် ၇၂ ဦး ပါဝင်လာခဲ့ပါတယ်။ ယမန်နှစ်မှာတော့ ၅၆ ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။ Forbes က ယခုစာရင်းကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်နေ့အထိ ပိုင်ဆိုင်မှုတွေအပေါ် အခြေခံတွက်ချက်ပြီး ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

(ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦး)

Forbes က ထုတ်ပြန်လိုက်တဲ့ စာရင်းအရ ၂၀၁၉ ခုနှစ် ဘီလျံနာအရေအတွက်ဟာ ၂၀၁၈ ခုနှစ်ကထက် လျော့နည်းသွားခဲ့တာလည်း တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း ဘီလျံနာ ၂,၁၃၅ ဦးရှိပြီး ၂၀၁၈ ခုနှစ်မှာတော့ ဘီလျံနာ ၂,၂၀၈ ဦးရှိခဲ့ကြောင်း Forbes စာရင်းအရ သိရပါတယ်။ 





က္က