ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲ အများအပြားမှာ ပါဝင်ခဲ့တဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။
Ko John

ဟောလိဝုဒ်မင်းသား ဂျွန်ထရာဗိုတာရဲ့ဇနီး မင်းသမီး ကယ်လီပရက်စတန် ကွယ်လွန်သွားပြီလို့ မင်းသားက သူ့ရဲ့ Instagram အကောင့်မှာ အတည်ပြု ပြောကြားထားပါတယ်။

(၁၉၉၁ ခုနှစ်က ဂျွန်ထရာဗိုတာနဲ့ ကယ်လီ) (Photo: Getty Images)

အသက် ၅၇ နှစ်အရွယ် မင်းသမီးကယ်လီဟာ တနင်္ဂနွေနေ့ (ဇူလိုင် ၁၂ ရက်‌) က ကွယ်လွန်သွားခဲ့ပြီး ထိုနေ့ နှောင်းပိုင်းမှာ ဂျွန်ထရာဗိုတာက ဇနီးဖြစ်သူ ကွယ်လွန်သွားပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးကယ်လီဟာ ၁၉၈၀ မှ ၂၀၁၈ ခုနှစ်အထိ သူမရဲ့ အနုပညာလှုပ်ရှားမှု သက်တမ်းအတွင်း Mischief, Secret Admirer, Twins, Jerry Maguire, From Dusk Till Dawn, The Cat in the Hat အပါအဝင် ရုပ်ရှင်ဇာတ်ကား အများအပြား ရိုက်ကူးခဲ့ပါတယ်။

ထို့အတူ Hawaii Five-O, Medium, CSI: Cyber, Joey အပါအဝင် တီဗီဇာတ်လမ်းတွဲများစွာမှာလည်း ကယ်လီ ပါဝင်ခဲ့ပါတယ်။ ကယ်လီဟာ Battlefield Earth နဲ့ Old Dogs ဇာတ်ကားတွေမှာလည်း သူမရဲ့ခင်ပွန်း ဂျွန်ထရာဗိုတာနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်မင်းသမီး ကယ်လီဟာ ရင်သားကင်ဆာရောဂါကို နှစ်နှစ်ကြာ အံတုရင်ဆိုင်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တယ်လို့ မင်းသားဂျွန်ထရာဗိုတာက ပြောပါတယ်။

(ဂျွန်ထရာဗိုတာ မိသားစု) (Photo: johntraovolta/IG)

"ကျွန်တော့်ရဲ့ လှပတဲ့ဇနီး ကယ်လီဟာ သူမရဲ့ ရင်သားကင်ဆာကို နှစ်နှစ်ကြာ ရင်ဆိုင်တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရှာတယ်ဆိုတာ အလွန်စိတ်မကောင်းနဲ့ပဲ အသိပေးရပါတယ်" လို့ အသက် ၆၆ နှစ်အရွယ် ဂျွန်ထရာဗိုတာက ပြောပါတယ်။ ကယ်လီနဲ့ ဂျွန်ထရာဗိုတာတို့ဟာ အိမ်ထောင်သက် ၂၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

(ကွယ်လွန်သွားတဲ့ အကြီးဆုံးသားနဲ့အတူ တွေ့ရစဥ်) (Photo: Daily Mail)

ကယ်လီဟာ ယခင် အိမ်ထောင်နဲ့ ၁၉၈၇ ခုနှစ်မှာ ကွာရှင်းခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်မှာ ဂျွန်ထရာဗိုတာနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံမှာ ကလေးသုံးဦးရှိခဲ့ပြီး အကြီးဆုံးသားဖြစ်သူ ဂျက်ထရာဗိုတာဟာ ၂၀၀၉ ခုနှစ်က အသက် ၁၆ နှစ်အရွယ်မှာ ဦးနှောက်ရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က