ဘောလိဝုဒ်စတားတွေရဲ့ ကုမ္ပဏီများ အပါအဝင် ရုပ်ရှင်ထုတ်လုပ်ရေးတွေက အိန္ဒိယမီဒီယာအချို့ကို တရားစွဲခဲ့ပါတယ်။

ဘောလိဝုဒ်ရုပ်ရှင်နယ်ပယ်မှ အကြီးဆုံး ထုတ်လုပ်ရေးကုမ္ပဏီအချို့က တာဝန်မဲ့တဲ့ သတင်းဖော်ပြမှုအတွက် အိန္ဒိယမီဒီယာအချို့ကို တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။

(Photo: HindustanTimes)

ဇွန်လအတွင်း ဘောလိဝုဒ်မင်းသား ဆူရှန်ဆင်းရာ့ဂျ်ပွတ် သေဆုံးပြီးနောက်ပိုင်း ရုပ်ရှင်ထုတ်လုပ်ရေးတွေက မီဒီယာကို တရားစွဲဆိုမှုရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဆူရှန် သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအဖြစ် ရဲတပ်ဖွဲ့က ကနဦး ထုတ်ပြန်ခဲ့ပေမဲ့ ထိုအမှုကိစ္စဟာ သတင်းဌာနတွေက လနဲ့ချီကြာ ခန့်မှန်းရေးသားမှုတွေကြောင့် မီးလောင်ရာလေပင့်သလို ဖြစ်နေခဲ့ပါတယ်။



ယခုအခါ ရှရွတ်ခန်း၊ အမေးလ်ခန်းနဲ့ ဆဲလ်မန်ခန်းကဲ့သို့ ဘောလိဝုဒ်စတားတွေ ပိုင်ဆိုင်ကြတဲ့ ကုမ္ပဏီများ အပါအဝင် ဒါဇင်နဲ့ချီတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေက အိန္ဒိယမီဒီယာအချို့ကို တရားစွဲခဲ့ကြပါတယ်။ ဘောလိဝုဒ်နဲ့ ဆက်စပ်နေတဲ့ လူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုဟာ တရားပြိုင်တွေ လုပ်ဆောင်နေကြတဲ့ အလိမ်အညာ လှုံ့ဆော်မှုတွေကြောင့် ပြင်းပြင်းထန်ထန် သက်ရောက်မှုခံနေရကြောင်း တရားစွဲဆိုမှုမှာ ပြောပါတယ်။

(Photo: Rhea Chakraborty)

လတ်တလော လပိုင်းအတွင်း အိန္ဒိယမီဒီယာတွေမှာ မင်းသားဆူရှန် သေဆုံးမှုသတင်းတွေက နေရာယူလွှမ်းမိုးနေခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ၃၄ ခုနဲ့ ရုပ်ရှင်အဖွဲ့အစည်းလေးခုတို့ ပူးပေါင်းပြီး အိန္ဒိယမီဒီယာနှစ်ခုနဲ့ တင်ဆက်သူလေးဦးကို တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲခံရတဲ့ မီဒီယာတွေနဲ့ တင်ဆက်သူတွေဘက်ကတော့ ယခုကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော တုံ့ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

ဘောလိဝုဒ်လောကသားတွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်က ထိပါးခံနေရကြောင်း၊ ဘောလိဝုဒ်လောကတစ်ခုလုံးကို ပြစ်မှုကျူးလွန်သူတွေ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေအဖြစ် ပုံဖော်ခဲ့တာကြောင့် သူတို့ရဲ့ နာမည်ဂုဏ်သတင်းတွေဟာ အစားထိုးမရအောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း တရားစွဲဆိုမှုမှာ ပြောထားပါတယ်။

(Photo: Sujit Jaiswal/AFP)

အသက် ၃၄ နှစ်အရွယ် မင်းသားဆူရှန်ကို ဇွန် ၁၄ ရက်နေ့က မွမ်ဘိုင်းမြို့ရှိ သူ့ရဲ့တိုက်ခန်းမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဆူရှန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်ကြောင်း ထိုစဥ်က ပြောထားခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာ ၎င်းရဲ့မိသားစုက ဆူရှန်ရဲ့ အတူနေချစ်သူ မင်းသမီးရီအာချက်ကရာဘော်တီကို ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး သူမက သေကြောင်းကြံစည်ရန် အားပေးကူညီမှုနဲ့ အခြားရာဇဝတ်မှုများဖြင့် စွပ်စွဲခဲ့ပါတယ်။

မင်းသမီးချက်ကရာဘော်တီကတော့ ထိုစွပ်စွဲချက်အားလုံးကို ငြင်းပယ်ထားခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့မှာတော့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ (Narcotics Control Bureau-NCB) က အသက် ၂၈ နှစ်အရွယ် ချက်ကရာဘော်တီကို မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။ သူမက မင်းသားဆူရှန်အတွက် ဆေးခြောက်ဝယ်ပေးခဲ့တယ်လို့ NCB က ပြောပါတယ်။

(Photo: IndiaExpress)

ချက်ကရာဘော်တီအပြင် သူမရဲ့မောင်ဖြစ်သူနဲ့ မင်းသားဆူရှန်ရဲ့ နေအိမ်စီမံခန့်ခွဲမှု မန်နေဂျာဟောင်းကိုလည်း မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။ ထို့နောက် အောက်တိုဘာ ၇ ရက်နေ့မှာတော့ မင်းသမီးချက်ကရာဘော်တီကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး သူမရဲ့မောင်နဲ့ နေအိမ်စီမံခန့်ခွဲမှု မန်နေဂျာဟောင်းတို့ကိုတော့ အာမခံ မပေးခဲ့ပါဘူး။ ဘောလိဝုဒ်မင်းသား ဆူရှန် သေဆုံးမှုကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းသုံးခုက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က