ကလီယိုပတ်ထရာအဖြစ် ဂဲလ်ဂဒေါ့က သရုပ်ဆောင်မယ်လို့ ကြေညာလိုက်ပြီးနောက် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။
Ko John

အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာအကြောင်း ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးရန်အတွက် ပြင်ဆင်မှုတွေဟာ ရိုက်ကူးရေး မစတင်ခင်မှာပင် အငြင်ပွားမှုတွေ ထွက်ပေါ်လို့နေပါတယ်။

(Wonder Woman အဖြစ် နာမည်ကြီးတဲ့ ဂဲလ်ဂဒေါ့) (Photo: Getty Images)

အီဂျစ်ဘုရင်မ ဇာတ်ရုပ်နေရာကို Wonder Woman ဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားသူ အစ္စရေး မင်းသမီးချော ဂလ်ဂဒေါ့က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကလီယိုပတ်ထရာအဖြစ် ဂဲလ်ဂဒေါ့က သရုပ်ဆောင်မယ်လို့ ကြေညာလိုက်ပြီးနောက် ဆိုရှယ်မီဒီယာမှာ ယဥ်ကျေးမှုဆိုင်ရာ ဖုံးကွယ်မှုအဖြစ် စွပ်စွဲဝေဖန်မှုအချို့ ထွက်ပေါ်လာခဲ့ပါတယ်။

လူဖြူသရုပ်ဆောင်က လူဖြူမဟုတ်တဲ့ ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်မှုအပေါ် ဝေဖန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အချို့ကတော့ ကလီယိုပတ်ထရာနေရာအတွက် ဂဲလ်ဂဒေါ့အစား အာရပ် သို့မဟုတ် အာဖရိက မင်းသမီးတစ်ဦး ဖြစ်သင့်တယ်လို့ ပြောခဲ့ကြပါတယ်။ ဂဲလ်ဂဒေါ့ဟာ ကလီယိုပတ်ထရာဇာတ်ကားကို ပူးတွဲထုတ်လုပ်သူလို့လည်း သတင်းတွေက ဆိုပါတယ်။

(၁၉၆၃ ခုနှစ် ကလီယိုပတ်ထရာဇာတ်ကားမှ မင်းသမီးအဲလိဇဘက်သ်တေလာ) (Photo: Getty Images)

ကလီယိုပတ်ထရာဇာတ်ရုပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင်ရွေးချယ်မှုနဲ့ အသွင်အပြင်တို့အပေါ် ဟောလိဝုဒ်မှာ အချေအတင် ဆွေးနွေးပြောဆိုမှုတွေ မြင့်တက်နေပါတယ်။ ကမ္ဘာ့သမိုင်းမှာထင်ရှားတဲ့ ကလီယိုပတ်ထရာဟာ ရှေးခေတ် ဂရိဘုရင်မျိုးနွယ် Ptolemy မင်းဆက် မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပါတယ်။ ကလီယိုပတ်ထရာဟာ ဘီစီ ၆၉ ခုနှစ်က အီဂျစ်မှာ မွေးဖွားခဲ့ပြီး နိုင်းလ်နိုင်ငံ (Nile kingdom) ကို အုပ်ချုပ်ခဲ့ပါတယ်။ နိုင်းလ်နိုင်ငံဟာ ရောမအင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။

(အစ္စရေးမင်းသမီး ဂဲလ်ဂဒေါ့) (Photo: Getty Images)

သရုပ်ဆောင်တွေဟာ မတူညီတဲ့ လူမျိုးနွယ်ရဲ့ ဇာတ်ရုပ်တွေနေရာကနေ ပါဝင်သရုပ်ဆောင်သင့် မသင့်အပေါ် ဆွေးနွေးငြင်းခုံမှုတွေ ရှိနေပါတယ်။ အာဖရိကအကြောင်း ရေးသားနေတဲ့ စားရေးဆရာ James Hall က ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ အာဖရိက မင်သမီးတစ်ဦး ရှာဖွေသင့်ကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်စာရေးဆရာ Morgan Jerkins ကလည်း ကလီယိုပတ်ထရာနေရာမှာ စက္ကူအညိုအိတ်တစ်လုံးထက် ပိုပြီးအရောင်ရင့်တဲ့ အသားအရောင်ရှိသူ တစ်ဦးဦးက သရုပ်ဆောင်သင့်ကြောင်း Twitte မှာ ရေးသားထားပါတယ်။

"ဂဲလ်ဂဒေါ့က နှစ်သက်စရာ မင်းသမီးတစ်ယောက်ပါ၊ ဒါပေမဲ့ ဒီနေရာမှာ မြောက်အာဖရိကမင်းသမီးကို ရွေးချယ်သင့်တာပါ၊ သမိုင်းကို ဖုံးကွယ်မထားပါနဲ့" လို့ နောက်ထပ် Twitter အသုံးပြုသူတစ်ဦးက ပြောထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ အခြား ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကတော့ ကလီယိုပတ်ထရာဟာ အာရပ် သို့မဟုတ် အာဖရိကထက် ဂရိ သို့မဟုတ် မက်ဆီဒိုးနီးယား ပိုဖြစ်တယ်လို့ ငြင်းခုံကြပါတယ်။ ဂဲလ်ဂဒေါ့က ကလီယိုပတ်ထရာနေရာမှာ သရုပ်ဆောင်ရန်စီစဥ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ရိုက်ကူးရေး စမတင်မီကပင် ဝေဖန်မှုတွေနဲ့ ပရိသတ်စိတ်ဝင်စာမှု မြင့်တက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


Author


က္က