ဆူရှန် သေဆုံးမှုကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းစစ်ဆေးသွားတော့မှာပါ။

ကို့ယ်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားခဲ့တဲ့ ဘောလိဝုဒ်သရုပ်ဆောင် ဆူရှန်ဆင်းရာ့ဂျ်ပွတ် သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် အိန္ဒိယတရားရုံးချုပ်က ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဌာနကို ညွှန်ကြားလိုက်ပါတယ်။

(ဘောလိဝုဒ်မင်းသားဆူရှန်) (Photo: Getty Images)

မွမ်ဘိုင်းရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအဖြစ် အစောပိုင်းမှာ ပြောထားခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မင်းသားဆူရှန် သေဆုံးမှုကို အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးဌာန အနေနဲ့ စုံစမ်းစစ်ဆေးရန် တရားရုံးချုပ်က ညွှန်ကြားလိုက်ခြင်းက ထိုအမှုကို ပိုမိုစိတ်ဝင်တစား စောင့်ကြည့်စရာ ဖြစ်လာပါတယ်။



M.S. Dhoni: The Untold Story, Raabta, Kedarnath, Dil Bechara အစရှိတဲ့ ဘောလိဝုဒ်ဇာတ်ကားတွေနဲ့ ကျော်ကြားခဲ့တဲ့ မင်းသားဆူရှန်ဟာ ဇွန် ၁၄ ရက်နေ့က မွမ်ဘိုင်းမြို့ရှိ သူ့ရဲ့တိုက်ခန်းမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဆူရှန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ထိုစဥ်ကတည်းက ဆူရှန်နဲ့ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ အနုပညာအလုပ်အကြောင်း အသေးစိတ်များ၊ ငွေရေးကြေရေးဆိုင်ရာများနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာအထိပင် သတင်းတွေမှာ ဦးစားပေး ဖော်ပြခဲ့ကြပါတယ်။

(M.S. Dhoni: The Untold Story ဇာတ်ကားမှ ဆူရှန်) (Photo: PTI)

ထို့နောက် ဆူရှန်သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်အပေါ် မွမ်ဘိုင်းရဲတပ်ဖွဲ့နဲ့ မင်းသားရဲ့ မွေးရပ်ပြည်နယ် ဘီဟာတို့ကြား လွန်ဆွဲနေခဲ့တယ်လို့ ဆိုပါတယ်။ ဘီဟာပြည်နယ်အစိုးရက ဆူရှန်သေဆုံးမှုကို အိန္ဒိယရဲ့ စုံစမ်းစစ်ဆေးရေးဗဟိုဌာန (Central Bureau of Investigation - CBI) သို့ လွှဲပြောင်းဆောင်ရွက်သင့်ကြောင်း ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ မွမ်ဘိုင်းရဲတပ်ဖွဲ့ကိုလည်း သက်သေအထောက်အထားများ အားလုံးကို CBI သို့ လွှဲပေးရန် ဘီဟာပြည်နယ်အစိုးရက ပြောခဲ့ပါတယ်။

ဆူရှန် သေဆုံးပြီးနောက်မှာ မိသားစုက သူ့ရဲ့ချစ်သူ မင်းသမီး Rhea Chakraborty ကို ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အားပေးကူညီမှုဖြင့် အမှုဖွင့်ခဲ့ပြီး မင်းသားသေဆုံးမှုကိုလည်း မွမ်ဘိုင်းကနေ လွှဲပြောင်းပေးရန် တောင်းဆိုထားခဲ့ကြောင်း သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ သူမကို သိုက်တူးသမားလို့ သုံးနှုန်းခေါ်ဝေါ်ကြပြီး ဆူရှန်ရဲ့ငွေတွေကို ယူသွားခဲ့သူလို့ ပြောဆိုကြပါတယ်။

(ဆူရှန်ရဲ့ချစ်သူ Rhea Chakraborty) (Photo: Rhea Chakraborty/IG)

Rhea Chakraborty ကတော့ အမှားတစ်စုံတရာ ကျူးလွန်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပြီး ဆူရှန်သေဆုံးမှုကို တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီး Amit Shah ထံ မေတ္တာရပ်ခံထားခဲ့ပါတယ်။ သူမက ဆူရှန်ရဲ့အမှုကို မွမ်ဘိုင်းမြို့မှာ ကြားနာစစ်ဆေးရန်လည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ Rhea Chakraborty ဟာ ဆူရှန်သေဆုံးပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးရေးဌာနတွေရဲ့ မေးမြန်းခံခဲ့ရပါတယ်။

ဆူရှန်ဆိုတာ ...

ဘောလိဝုဒ်မင်းသား ဆူရှန်ဟာ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲမှာပါဝင်တဲ့ ဘီဟာပြည်နယ်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ဆူရှန်ဟာ သူ့ရဲ့ အောင်မြင်တဲ့ ဘောလိဝုဒ်ဇာတ်ကားတွေထဲမှာ သူ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အချို့ကဲ့သို့ပင် တစ်မူထူးခြားတဲ့ ဘဝတစ်ခုမှာ ရှင်သန်နေထိုင်ခဲ့သူလို့ ဆိုပါတယ်။

(Photo: PTI)

သူဟာ အလုပ်ကြိုးစားသူဖြစ်ပြီး အိန္ဒိယရဲ့ ထိပ်တန်းအဆင့် အင်ဂျင်နီယာကောလိပ်ကျောင်းထဲမှ ကျောင်းတစ်ကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့သူပါ။ ထိုသို့ တက်ရောက်ပညာသင်ကြားနိုင်ခြင်းက အိန္ဒိယရဲ့ လူလတ်တန်းစား မိသားစုတွေအတွက် ခိုင်မာတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်တဲ့လမ်းကြောင်းလို့ ဆိုပါတယ်။ သို့သော် ဆူရှန်ရဲ့ နှလုံးသားက သရုပ်ဆောင်ခြင်းကို ခုံမင်နှစ်သက်ခဲ့ပါတယ်။

ဆူရှန်က အင်ဂျင်နီယာကောလိပ်မှထွက်ပြီး ဘောလိဝုဒ်အခြေစိုက်တဲ့ မွမ်ဘိုင်းမြို့တော်ဆီကို ခြေဆန့်လာခဲ့ပါတယ်။ ဆူရှန်ဟာ မထင်မရှား သရုပ်ဆောင်အဖြစ် စတင်ခဲ့ပြီး ပြဇာတ်နယ်ပယ်မှာ နှစ်နဲ့ချီ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆူရှန်ဟာ တီဗီရှိုးမှာ အောင်မြင်လာခဲ့ပြီး ထိုမှတစ်ဆင့် ဘောလိဝုဒ်ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရရှိကာ အောင်မြင်တွေရရှိလာခဲ့ပါတယ်။

(ဆူရှန်နဲ့ Rhea Chakraborty) (Photo: Indian Express)

ဆူရှန်ရဲ့ တစ်ကယ့်ဘဝ ဖြတ်သန်းမှုအကြောင်းက မြို့ငယ်လေးတွေမှာ လူငယ်လူရွယ်တွေအတွက် သူတို့ရဲ့ ရည်မှန်းချက်အောင်မြင်ရေး စိတ်အားထက်သန်မှု ဖြစ်စေခဲ့ပါတယ်။ ထို့ကြောင့်လည်း ဆူရှန်ရဲ့ ပရိသတ်အများစုက သူ့ရဲ့သေဆုံးမှုကို ၎င်းတို့ရဲ့ ဆုံးရှုံးမှုတစ်ခုအဖြစ် ခံစားခဲ့ကြရပါတယ်။ ဆူရှန်ဟာ ၂၀၁၃ မှ ၂၀၂၀ ခုနှစ်အထိ ခုနစ်နှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကား ၁၂ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဆူရှန်ရဲ့သေဆုံးမှုက ဘာကြောင့် အလွန်အငြင်ပွားဖွယ်ဖြစ်နေလဲ?

မင်းသားဆူရှန်လို အောက်ခြေဘဝကနေ အောင်မြင်တဲ့ ဘောလိဝုဒ်သရုပ်ဆောင် ဖြစ်လာတဲ့အထိ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြတ်သန်းလာသူဟာ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့လဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို သူ့ရဲ့ပရိသတ်တွေ သိချင်နေကြပါတယ်။ ဆိုရှယ်မီဒီယာနဲ့ သတင်းဌာနတွေမှာတော့ ဆူရှန်နဲ့ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ အနုပညာအလုပ်အကြောင်း အသေးစိတ်များ၊ ငွေရေးကြေရေးဆိုင်ရာများနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာအထိ ရေးသားဖော်ပြမှုနဲ့ ဆွေးနွေးမှုတွေ ရှိနေခဲ့ပါတယ်။

(Kedarnath ဇာတ်ကားထဲမှ ဆူရှန်) (Photo: Bollywood MDB)

သတင်းတွေက ဖော်ပြကြရာမှာလည်း ဆူရှန်နဲ့ပတ်သက်သူမှန်သမျှ သူ့ရဲ့ ကုထုံးဆရာ၊ သူ့ရဲ့ ထမင်းချက်ဟောင်း၊ သူ့ရဲ့သူငယ်ချင်းတွေ၊ သူ့ရဲမန်နေဂျာ၊ သူ့ရဲ့မိသားစု၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အပါအဝင် မည်သူမျှ မလွတ်ခဲ့ကြဘဲ အင်တာဗျူးခံခဲ့ကြရပါတယ်။ ဆူရှန် သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မီဒီယာကို အသေးစိတ်အချက်အလက်တွေ နည်းနည်းချင်းစီသာ ထုတ်ပြန်ပေးနေခဲ့ရာ သူ့ရဲ့သေဆုံးမှုနဲ့ ပတ်သက်တဲ့ ပဟေဋိက ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။ 

ဩဇာရှိတဲ့ ဘောလိဝုဒ်မိသားစု အနည်းငယ်နဲ့ ဒါရိုက်တာတွေက ဆူရှန်ကို မမျှမတ ဆက်ဆံခဲ့ကြတယ်လို့ သူ သေဆုံးပြီးနောက် ရက်ပိုင်းအကြာမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြား ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဆူရှန်ဟာ ဘောလိဝုဒ်မှာ ခေါင်းကိုင်ဖခင်မရှိဘဲ ပြင်ပကနေ ခြေချလာသူဖြစ်ပြီး သူ့ရဲ့အောင်မြင်ကျော်ကြားလာမှုက ဘောလိဝုဒ်မှာ အစဥ်အဆက် ကြီးစိုးနေရာယူထားသူအချို့အတွက်က လက်မခံနိုင်စရာ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

(Dil Bechara ဇာတ်ကားထဲမှ ဆူရှန်) (Photo: Bollywood MDB)

ဆူရှန်ဟာ ငွေကြေးအမြောက်အမြား ကျခံသုံးစွဲရိုက်ကူးတဲ့ ဇာတ်ကားကြီးတွေမှာ ပါဝင်ခွင့်ရမယ်လို့ ကတိကဝတ်ရရှိပြီးနောက် ပါဝင်ခွင့်မရတော့တဲ့ ဖြစ်ရပ်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ထောက်ပြခဲ့ကြပါတယ်။ ဆူရှန် သေဆုံးမှုကို မွမ်ဘိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခဲ့ပြီး ဘောလိဝုဒ်နယ်ပယ်မှ လူ ၅၀ ကျော်ကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ မွမ်ဘိုင်းရဲတပ်ဖွဲ့အရာရှိတွေက လက်ရှိအချိန်အထိ အပြီးသတ် အစီရင်ခံစာ မတင်ရသေးပါဘူး။

ဆူရှန် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူအချို့ကို ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ယခုနောက်ဆုံးမှာတော့ အိန္ဒိယတရားရုံးချုပ်က ဆူရှန် သေဆုံးမှုကို မွမ်ဘိုင်းရဲတပ်ဖွဲ့ထံကနေ စုံစမ်းစစ်ဆေးရေးဗဟိုဌာန CBI က လွှဲပြောင်းရယူပြီး စုံစမ်းစစ်ဆေးရန် ညွှန်ကြားလိုက်ပြီဖြစ်ရာ ပဟေဋိဆန်နေတဲ့ ဘောလိဝုဒ်မင်းသားရဲ့ သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှု မည်သို့ ဆက်ဖြစ်လာမယ်ဆိုတာ စိတ်ဝင်စားနေကြပြီး ဆက်လက် စောင့်ကြည်ရမှာပဲ ဖြစ်ပါတယ်။

Ref: BBC, Wikipedia


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က