မရမ်းကုန်းမြို့နယ်မှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
Sabal Thwin

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ကတော့ မိသားစုနဲ့ အတူတူ ကုသိုလ်ကောင်းမှုတွေ လုပ်နေတာကို တွေ့ရပါတယ်။ 

သရုပ်ဆောင် မြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူအောင်တို့ကတော့ မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်က ပရိသတ်တွေအတွက် ဆန်နဲ့ ဆီတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

"အလှူဒါန။ သရုပ်ဆောင်အကယ်ဒမီ ကိုမြင့်မြတ်+မခင်သူအောင်သားမောင်မြတ်သူမိသားစုမှ မရမ်းကုန်း မြို့နယ်(၁၀)ရပ်ကွက် အခြေခံလူများကို ဆန်အိတ်များနှင့် ဆီများလှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော်" ဆိုပြီးတော့ သရုပ်ဆောင် မြင့်မြတ်ရဲ့ မန်နေဂျာ မြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က တင်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Myat Wai Tun

သရုပ်ဆောင်မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ COVID-19 ကာလမှာလည်း မြောက်ဒဂုံမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် ဆန် တွေပေးဝေလှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် သရုပ်ဆောင် ယုန်လေးတို့နဲ့ အတူ ဆေးရုံကြီးတွေမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးမှာလည်း ငွေကျပ်(၁၆၂) သိန်း တန်ဖိုးရှိ ဆေးပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo: Myat Wai Tun

သူဟာ ကျန်းမာရေး မကောင်းဖြစ်နေတဲ့ လူရွှင်တော် ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဦးဝင်းနိုင်၊ ဦးဧရာကိုလည်း ကျန်းမာရေး ထောက်ပံ့ငွေ သွားရောက် လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ သရုပ်ဆောင်မြင့်မြတ်ကတော့ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့သူပါ။ COVID-19 ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က