Sabal Thwin

ရတနာမိုင် ဟာ သူမအတွက် မိခင်ဖြစ်သူဟာ မဖြစ်မနေ အရေးပါတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အနုပညာအလုပ်တွေ၊ စီးပွားရေး အလုပ်တွေမှာလည်း မေမေနဲ့အတူ တိုင်တိုင်ပင်ပင်ရှိတယ်လို့လည်း ဆိုပါတယ်။

Photo: Yadanar My

ရတနာမိုင်ဟာ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးနဲ့ ဂီတအလုပ်တွေကို မိခင်ဖြစ်သူ မိုင်နဲ့အတူတူ တိုင်ပင်ပြီး လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူကတော့ သူ့အတွက် အင်အားတစ်ခုပဲလို့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။

‘’အမေပါတော့ အားရှိတာပေါ့နော်။ တစ်ခုခုဆိုရင် သီချင်းကိစ္စကအစ တိုင်ပင်ဖြစ်တယ်။ ဘာသီချင်းလေးဆိုရင် အဆင်ပြေမလဲ။ အခုနောက်ပိုင်းမှာဆိုရင် အမေသာ မရှိတော့ဘူးဆိုရင် ဆိုတဲ့စိတ်ကိုတွေးတယ်။ အမေသာ မရှိတော့ဘူးဆိုရင် ကိုယ်ဘယ်လိုမျိုးရှေ့ဆက်လျှောက်လှမ်းရမလဲ။ အဲဒါကြောင့် အခုဆိုရင် အလုပ်ကိစ္စတွေဆိုလည်း ကိုယ်ကိုယ်တိုင်ပဲပြောတယ်။ ကိုယ်ကိုယ်တိုင်ပဲ အလုပ်တွေကို စီမံခန့်ခွဲတော့တယ်။ ပြောတတ် ဆိုတတ်လာအောင်ပေါ့’’ ဆိုပြီးတော့ ဇူလိုင်လ ၂၄ ရက်နေ့က Aroma Fashion Show စာနယ်ဇင်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Aroma

သူမဟာ ဘယ်သွားသွား မိခင်ဖြစ်သူနဲ့ အတူသွား၊ အတူလာလေ့ရှိပါတယ်။ သားအမိနှစ်ယောက်ကလည်း အမေနဲ့ သမီးဆိုပေမယ့် သူငယ်ချင်းလို ဆက်ဆံရေးမျိုးရှိတယ်လို့လည်း ရတနာမိုင်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

‘’ မေမေ မသိအောင်လုပ်တာတွေတော့ မရှိဘူး။ မေမေကကျတော့ ကိုယ့်အတွက် အစ်မလိုလည်း ဖြစ်နေတယ်။ အမေလိုလည်း ဖြစ်နေတော့ အကုန်လုံးတိုင်ပင်တယ်။ အပြင်ကို သွားမယ်ဆိုရင်လည်း မေမေ့ကိုပဲ ပြောသွားတယ်။ မေမေက မသွားနဲ့ဆိုရင်တော့ မသွားဖြစ်တော့ဘူး။ ကိုယ်က တစ်ဦးတည်းသော သမီးလည်းဖြစ်နေတော့ တိုင်ပင်ဖော်တိုင်ပင်ဖက် ဆိုလို့ မေမေပဲရှိတာပါ’’ လို့ သူက ဆိုပါတယ်။

Photo: Yadanar My

ရတနာမိုင်ကတော့ မိခင်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မိခင်ဖြစ်သူ မိုင်ရဲ့ သီချင်းကောင်းတွေကို ရွေးချယ်ပြီး သားအမိနှစ်ယောက်ပေါင်းပြီး ပရိသတ်တွေအတွက် Two Lady Show ပွဲကျင်းပပြုလုပ်ဖို့ စီစဉ်နေပြီလို့ Duwun Media ကနေတဆင့် သီးသန့် ပြောပြခဲ့ဖူးပါတယ်။ ရတနာ မိုင်ဟာ လက်ရှိမှာတော့ မိုင်လေး အင်တာတိန့်မန့်ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

သူမကိုတော့ သီချင်း အေးအေးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ မိခင်ဖြစ်သူ အဆိုတော်ကြီး မိုင် ရဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’မလွမ်းပို’’ သီချင်းလေးကိုလည်း ပြန်ဆိုခဲ့ချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှု အများကြီး ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း သီချင်းအသစ်လေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ သူမကိုတော့ ဂီတအလုပ်တွေမှာသာ မက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ ဇာတ်ကားတွေရိုက်ကူးထားတာ တွေ့ရတတ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က