ငွေကျပ် ၃ သိန်းလှူခဲ့တာဖြစ်ပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးချောလေး အိချောပိုက ဇာတ်ပို့သရုပ်ဆောင် ဦးဇော်ကြီးရဲ့ စားဝတ်နေရေးအခက်အခဲတွေအတွက် ငွေလှူခဲ့တယ်လို့ သိရပါတယ်။

Photo: Yone Lay



ကျူးကျော်တဲမှာနေထိုင်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးဇော်ကြီးအတွက် အိချောပိုက ငွေကျပ် ၃ သိန်းလှူခဲ့ပါတယ်။ ဒီအလှူကိုတော့ ယုန်လေးက ကိုယ်တိုင်ဆောင်ရွက်ပေးခဲ့တာပါတဲ့။

‘’ညီမလေးရေ လှူပေးလိုက်ပြီနော်။ ရှုတင်မှာဆုံလို့ ညီမလေး အိချောပိုမှ ဦးဇော်ကြီးအတွက် ကူချင်တယ်ဆိုလို့ ဦးဇော်ကြီးလက်ထဲကို ၃ သိန်း လှူပေးခဲ့ပြီးပါပြီ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ဦးဇော်ကြီးဟာ ယုန်လေးကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ MAFIA City ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo: Yone Lay

မကြာသေးခင်တုန်းကလည်း ယုန်လေး ၊ မြင့်မြတ် နဲ့ နောက်ထပ် သူငယ်ချင်းများစွာတို့ဟာ ကျူးကျော်တဲမှာနေထိုင်တဲ့ ဦးဇော်ကြီးအတွက် ထောက်ပံ့ငွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒါအပြင် လက်ရှိရိုက်ကူးနေတဲ့ မာဖီးယားမြို့တော် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ယုန်လေးက ပြောပါတယ်။

‘’ဦးဇော်ကြီး သတင်းကြားပြီး စိတ်မကောင်းတာနဲ့ MAFIA City မှာ ပါဝင်သရုပ်ဆောင်ဖို့ ခေါ်ခဲ့ပြီး မြင့်မြတ် ယုန်လေး Kညီ ဘိုချမ်း စောကျော် လပြည့်တို့ MAFIA City အဖွဲ့သားများမှာ ၅သိန်း၊ ရွှေလီ မှ မိန်းမိန်း မှ ၃သိန်း ပေါင်း ၈သိန်း ကူခဲ့ပါသည် ။ အားလုံး Peace’’ ဆိုပြီးတော့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Yone Lay

ဦးဇော်ကြီးကိုတော့ ပရိသတ်တွေက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား တွေကနေ တဆင့် သိရှိခဲ့တာပါ။ သူ အမြဲ ပါဝင်ရတဲ့ ကာရိုက်တာကတော့ လူကြမ်း တစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ရလေ့ရှိပါတယ်။ လက်ရှိမှာ ဗီဒီယိုဈေးကွက် မကောင်းတော့တာကြောင့် ရိုက်ကူးရေးတွေ နားထားရတာဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

Photo: A Linn Young

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က