ဒါပေမယ့် ခင်ပွန်းဖြစ်သူကတော့ ကွယ်လွန်ခဲ့ပါပြီ။
Sabal Thwin

အကယ်ဒမီ ဝါဝါဝင်းရွှေဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့ပေမယ့် နှစ် ၅၀ ပြည့် မင်္ဂလာနှစ်ပတ်လည် ရောက်ရှိလာတဲ့နေ့မှာတော့ စိတ်မကောင်းခြင်းတွေနဲ့ သတိရတဲ့အကြောင်းတွေရင်ဖွင့်လာခဲ့ပါတယ်။ 

Photo: Wa Wa Win Shwe

ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ဒီနေ့ဟာ သူမ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ အိမ်ထောင်သက် နှစ် ၅၀ ပြည့် အမှတ်တရလေးတွေကို ရင်ဖွင့်လာခဲ့ပါတယ်။ အခုလို ရွှေရတု နှစ်ပတ်လည်မှာတော့ ဇနီးမောင်နှံနှစ်ယောက်အတူတူ ရှိခွင့်မရတဲ့အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။

‘’ဒယ်ဒီရေ ဒီနေ့ သြဂုတ်လ ၁၈ မှာနှစ် ၅၀ အကြို ရွှေရတု ကိုရောက်ခဲ့ပြီပေါ့။ ခိုင်မြဲသောလက်တွေနဲ့အေးအတူ ပူအမျှ ဘဝခရီလမ်းကိုလျှောက်လှမ်းခဲ့ကြပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ဒယ်ဒီကအရင်လက်တွဲဖြုတ်ပြီး ဘဝသစ်တခုကိုသွားနှင့်ပြီလေ။ ရတုပေါင်းများစွာကိုအလှူတွေနဲ့စလို့ သားသမီး မြေး မိတ်ဆွေတွေနဲ့လည်းပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတယ်။ အိုနာ၊ ကျိုးကန်း၊ တွေ့ဆုံကြုံကွဲ ၊ ဖြစ်ပျက် ဆိုတဲ့တရားတွေကိုနားလည်ကျင့်သုံးရင်း အသက်ဆုံးသည်အထိ နှလုံးသားထဲမှာအမြဲရှိနေပါ့မယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၇ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Wa Wa Win Shwe

အကယ်ဒမီ ၃ ဆုရှင် မင်းသမီးကြီး ဝါဝါဝင်းရွှေနဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်တို့ဟာ ၁၉၆၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ သားကြီးဖြစ်တဲ့ ဝင်းထွဋ်ဝင်း နဲ့ သားငယ်ဖြစ်သူ ဝါဇင်တို့ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်နှစ်ယောက်ဖြစ်တာ ကြောင့်လည်း အသက်ကြီးလာတဲ့အချိန်ထိ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတုန်းပါပဲ။

Photo: Wa Wa Win Shwe

ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်ဟာ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်မင်းသားကြီးဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ည ၇ နာရီ ၁၂ မိနစ်က ကျန်းမာရေးအခြေအနေကြောင့် ပန်းလှိုင်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကလည်း မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ကွယ်လွန်သူ ဦးသန်းထွဋ်ရဲ့ ဈာပန ရက်လည်ကိုတော့ ဇူလိုင်လ၂၉ ရက်နေ့(တနင်္လာနေ့) မှာ ပြုလုပ်ခဲ့တာပါ။

Photo: Wa Wa Win Shwe

ဝါဝါဝင်းရွှေ(Wa Wa Win Shwe)ဟာ အခုချိန်မှာ အကယ်ဒမီ အကဲဖြတ် အဖွဲ့ ဥက္ကဌ တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူဟာ ဝါဝါဝင်းရွှေထုတ်လုပ်ရေးကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ တစ်ယောက်ပါ။ သူမကတော့ ၁၉၆၅ ခုနှစ်မှာ ‘’ချစ်သမီး’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ၁၉၆၉ ခုနှစ်မှာတော့ ‘’ချောင်းကိုပစ်၍ မြစ်ကိုရှာ’’ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ၁၉၇၇ ခုနှစ်မှာတော့ ‘’မိန်းကလေးရှင်ရဲ့ ဆန္ဒ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။


က္က