Sabal Thwin

အဆိုတော်ကောင်းကောင်းဟာ ဇနီးချောလေးနဲ့ အိမ်ထောင်သက် ၂ နှစ်နဲ့ ၅ လပြည့်အမှတ်တရအတွက် အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူတို့ဟာ ၂၀၁၇ ခုနှစ် က မင်္ဂလာဆောင်ခဲ့ကြတာပါ။

Photo: Kaung Kaung

အဆိုတော်ကောင်းကောင်းနဲ့ ဇနီးချောလေး မိန်းမိန်း တို့ ဇနီးမောင်နှံဟာ ဇူလိုင်လ ၂၃ ရက်နေ့က အိမ်ထောင်သက်တမ်း ၂ နှစ် နဲ့ ၅ လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’လူအယောက်၂၀၀ စာလေးပဲ လှူနိုင်ပေမယ့် နောက်နေ့တွေရှိသေးသ၍ ထက်လှူနိုင်ဖို့ ဘုရားလဲ ပြင်ဆင်ပေးမှာပါ ယုံကြည်တယ်။ MM&KK 2years5months’’ ဆိုပြီးတော့ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ သူတို့ဟာ နေ့လယ်စာအတွက် ကြက်သားနဲ့ အာလူး ကျွေးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ဟာ တစ်ဦးတည်းသော သားလေး အိုမဟာကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။



Photo: Kaung Kaung

ကောင်းကောင်းနဲ့ ဇနီးဖြစ်သူတို့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက မင်္ဂလာပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့အနုပညာအလုပ်အပေါ်ဇနီးချောလေးက အပြည့်အဝ ပံ့ပိုးကူညီအကြံပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

‘’ရေရေလည်လည်ကောင်းပါတယ်ခင်ဗျ။ ပြောရင် ကြွားရကျဦးမယ်။ သူက ကျွန်တော့်အတွက် အရာအားလုံးပဲ။ ကျွန်တော်စားသည်ဖြစ်စေ၊ သွားသည်ဖြစ်စေ၊ လာသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ သူက အမြဲတမ်းကျွန်တော့်ကို Control လုပ်ပေးနိုင်တယ်။ ကိုကို ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ ကိုကို အဲဒါပြင်ပေါ့။ သူပြင်လို့မရတာ အစားအသောက်တစ်ခုပဲရှိတယ်။ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်အတွက် အရမ်းချစ်ဖို့ကောင်းပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Kaung Kaung

အဆိုတော် ကောင်းကောင်းဟာ လက်ရှိမှာ သူချစ်ရတဲ့ ဇနီးလေးနဲ့ အတူ အိုမဟာလို့ ခေါ်တဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းအသစ်တွေ ဖန်တီးနေပါတယ်တဲ့။ သူ့ရဲ့ သီချင်းအသစ် တစ်ပုဒ်ဖြစ်တဲ့ ‘’ပျော်နေပါ’’ သီချင်းလေးကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

ကောင်းကောင်းဟာ ဂီတအလုပ်တွေကို အရင်ကထက်ပိုပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေတယ်လို့ သိရပါတယ်။ ကောင်းကောင်းဟာ ၂၀၀၈ ခုနှစ် Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီး ရရှိလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က