ဘဝမှာ နောင်တရလောက်မယ့် အရာတွေ မရှိခဲ့ဘူး။

စန္ဒီမြင့်လွင်ကတော့ သူမရဲ့ အသက်(၃၄) နှစ်ပြည့် မွေးနေ့လေးကစပြီး အရာရာကို ရင့်ကျက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

Photo: Sandy Myint Lwin



ဒီနေ့သြဂုတ်လ (၁၂) ရက်နေ့ကတော့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ သူမဟာ အသက်(၃၄) နှစ်ပြည့်ပြီဖြစ်တဲ့ အတွက် ရင့်ကျက်ပြောင်းလဲ လာတဲ့ စိတ်နေစိတ်ထားတွေကို အခုလို ပြောပြထားပါတယ်။ 

"ဒီနေ့ (၃၄) နှစ် ပြည့်ခဲ့ပြီ။ (၃၄) နှစ်ထက် ပိုပြီး ရင့်ကျက်နိုင်အောင်ကြိုးစားနေပါတယ်။ ဘဝမှာ အကြွေးဟောင်းတွေဆပ်ရင်းကြွေးသစ်ချနေသူတစ်ယောက်ပါ။ ဘယ်သူကကိုယ့်ကိုဘယ်လိုသဘောတွေပဲထားထား၊ သည်းခံနိုင်သလောက် သည်းခံခဲ့ပါတယ်။ ဘယ်သူ ကိုယ့်အပေါ်ချစ်ချစ် ၊ မချစ်ချစ် အရင်လို ဝမ်းမနည်းတတ်တော့ပါဘူး။ခုဆို ကိုယ့်ကိုချစ်တဲ့သမီးလေး၊ ကိုယ့်ကိုချစ်တဲ့ထရက်ရှာ့ဖေဖေ၊ ကိုယ့်ကိုချစ်တဲ့အဖေနဲ့အမေ၊ သူတို့အတွက်၊ ပြီးတော့ ကိုယ့်ကိုချစ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေ၊ Hardcore fan group၊ သူတို့အတွက်အသက်ရှင်နေတယ်။ ပျော်တယ်၊ ကျေနပ်တယ်။ ဒီနေ့အထိ ဘဝမှာ နောင်တရစရာ ဘာမှမရှိခဲ့ဘူး။ နောင်တရစေမယ့် အရာဘာမှ မလုပ်ခဲ့ဘူး။ ဖြစ်လာသမျှ အရာအားလုံးကို လက်ခံပြီး အသက်ဆက်ရှင်သွားမယ်။ဒေါသကြီးပြီး မဟုတ်မခံတတ်တဲ့စိတ်တွေ မရှိတော့ပေမယ့် ကိုယ့်သမီးလေးနဲ့ မိသားစုအတွက်ဆိုရင် ရှင်းသင့်တာရှင်းဖို့ အားအပြည့်နဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်ပေးသွားမယ် " ဆိုပြီးတော့ သြဂုတ်လ (၁၂) ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က ဒီအသက်အရွယ်ထိ အနားကနေ ချစ်ခင် အားပေးနေကြတဲ့ မိသားစု၊ မိတ်ဆွေ၊ ပရိသတ်တွေ ရှိနေသေးတာကြောင့်လည်း ဝမ်းသာမဆုံး ဖြစ်ရတယ်လို့ သူက ဆိုပါတယ်။ မိတ်ဆွေ ကောင်းတွေနဲ့သာ ဆုံဆည်းချင်တယ်လို့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။ 

" အခု (၃၄) နှစ်အရွယ်မှာ အနားမှာ ချစ်တဲ့မိသားစု၊ မိတ်ဆွေကောင်းတွေ၊ ချစ်တဲ့ပရိသတ်တွေ အများကြီး ကိုယ့်အနားမှာရှိနေတုန်းမို့လို့ ကျေနပ်တယ်။ လူတွေနဲ့ပတ်သက်လို့လည်း ဘယ်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းဆုံးစိတ်အခံနဲ့ ဆက်ဆံပေးခဲ့တာဖြစ်လို့ လူတိုင်းအပေါ်မှာ ဒီးဒီ လိပ်ပြာလုံတယ်။ မကောင်းလို့ ဘဝထဲက ထုတ်လိုက်တဲ့သူတွေကို ပြန်လာပါ မျှော်လင့်ချက် လုံးဝမရှိတော့သလို ကြုံကြိုက်ရင်တောင် သတိတရ ရှိမနေတတ်တော့ဘူး။ ကိုယ့်ထက်သာရင် ဝမ်းသာပေးလိုက်မယ် ၊ ကိုယ့်အောက်ရောက်နေလို့ ကူနိုင်၊ကယ်နိုင်ရင် ကူပေးလိုက်မယ်။ (၃၄) နှစ်ပြည့် မွေးနေ့က စပြီး မျက်နှာဖုံးစွပ်နဲ့ဘဝထဲဝင်လာပြီး ပြန်ထွက်ခါနီးမှ မျက်နှာဖုံးကွာကျတဲ့လူတွေနဲ့ မဆုံရအောင် လူပေါင်းမမှားဖို့ ပိုကြိုးစားမှာပါလို့" ဆိုပြီးတော့လည်း ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင် ဇာတ်ကားနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက် ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ " ဆေးရောင်လှလှခြယ်ရအောင်" ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း "Queen" ၊ "ကလီယိုပါထရာ" ၊ "Papi" ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က