အခုတော့ သားလေးကို စိတ်မချသေးဘူးတဲ့။
Sabal Thwin

ပိုးအိအိခန့်ကတော့ အနုပညာအလုပ်တွေကို သားလေး ၂ နှစ်ပြည့်မှသာ ပြန်လုပ်တော့မယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သားလေးကို စိတ်မချသေးဘူးလို့ ပြောပါတယ်။

Photo: Poe Ei Ei Khant

ပိုးအိအိခန့်ကတော့ မိခင်တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ခံစားချက်တွေက ပိုပြီးတော့ ပြောင်းလဲလာတယ်လို့ဆိုပါတယ်။ ပထမဆုံးရင်သွေးလေးဖြစ်တာကြောင့်လည်း မျက်စိအောက်က အပျောက်မခံဘူးလို့ ပြောပါတယ်။

"သားလေးကိုဘယ်လောက်ထိ စိတ်မချဖြစ်ဖူးလဲဆို သားလေးမွေးတုန်းက ၅ပေါင်ဆိုတော့ အရမ်းသေးလို့ စိတ်မချဘူး။ အချီမှားပြီး ဂျွတ်ခနဲ ကျိုးသွားမှာကြောက်လို့ ကိုယ့်ကို မွေးထားတဲ့ အမေကိုတောင် ပေးမချီခဲ့တဲ့အထိပဲ။ အမေဆို စိတ်ဆိုးတာအရမ်းပဲ။ ဒါပေမယ့် စကားလေးတစ်ခွန်းပြောပြီးတောင်းပန်ခဲ့တယ်။ အမေရယ် သမီးက (သားဦးအရူးဆိုသလို) သားဦးအမေမို့ ရူးနေတာ ခွင့်လွှတ်ပါလို့ ပြောပြီး တောင်းပန်ရတယ်"လို့ ဆိုပါတယ်။

Photo: Poe Ei Ei Khant

မိဘတွေကလည်း သူမကို အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ တိုက်တွန်းနေတယ်လို့ ပိုးအိအိခန့်က ပြောပါတယ်။ သားရှေ့ရေးအတွက် သေချာစဉ်းစားပြီးမှ အလုပ်တွေပြန်လုပ်မယ်ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

"မိဘအိမ်ပြန်လို့ အဖေနဲ့ ထမင်းလက်ဆုံစားမိတိုင်း အလုပ်ပြန်လုပ်ဖို့ပြောနေပြီ။အဲဒီအခါကျ ၂ နှစ်လောက်စောင့်ဖို့ သားလေးကို စိတ်မချလို့ ပြောတော့ nurse ငှားမယ်၊ အမေနဲ့ထားမယ်၊ ကလေးနားလူတွေ များကြီးထားပေးမယ်တဲ့။ အဲဒါလည်း လူဘယ်လောက်များများ သမီးမှ မရှိရင် စိတ်မချဘူးလို့ပြောတော့ အဆူခံရတယ်။ အဲဒါနဲ့ ကျွန်မဆုံးဖြတ်ချက် ချလိုက်ရတယ် အဖေနဲ့ လက်ဆုံမစားမိအောင် (ကလေး၂နှစ်မပြည့်မချင်း)။ ဟုတ်တယ်လေ မဟုတ်ရင် စိတ်မချပါဘူးဆို အလုပ်ပဲ လုပ်ခိုင်းနေလို့ အလုပ်ကတော့ လုပ်မှာပါ သားရှေ့ရေးအတွက်" လို့ ဆိုပါတယ်။

Photo: Poe Ei Ei Khant

ပိုးအိအိခန့်ဟာ သားဖြစ်သူအတွက် သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်လာတာဖြစ်ပါတယ်။ ဒီခံစားချက်လေးတွေကို တစ်ချိန်မှာ သားလေး မြင်စေဖို့ရည်ရွယ်ပြီး ရေးသားခဲ့တာလို့ ဆိုပါတယ်။

"အဲဒီလိုစိတ်မျိုးမထားနဲ့ ကလေးက သူ့ကံနဲ့သူလာတယ်လို့ ပြောကြပေမယ့် သိပေမယ့်လည်း စိတ်အပူလွန်ကဲတတ်တဲ့ မေမေမို့ ပင်ပန်းမှုတွေ ရင်မှာပိုက်လို့ ရှေ့ကို ဆက်ရဦးမှာပေါ့လေ။သားသား နို့တစ်ကြိမ်စို့ပြီးချိန် တွေးမိတာလေး ချရေးပြီး အမှတ်တရ သိမ်းထားလိုက်တာပါ.....သဲကိုးလေးမေမေ" လို့လည်း ဆက်လက်ပြောပြလာပါတယ်။

Photo: Poe Ei Ei Khant

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်တော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က