နေရာအသစ်လေးကို ပြောင်းရွှေ့ပါတော့မယ်တဲ့။

ခိုင်နှင်းဝေဟာ သူမကိုယ်တိုင် မွေးစားထားတဲ့ သားသားမီးမီးလေးတွေ အဆင်ပြေပြေနေထိုင်ဖို့ အိမ်အသစ်လေးတစ်လုံး ငှားလိုက်ပါပြီတဲ့။ ကလေးလေးတွေအတွက် သူမကိုယ်တိုင် နံရံကပ်စက္ကူလေးတွေနဲ့ လိုအပ်တာတွေကို ပြုပြင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

Photo: ခိုင်နှင်းဝေ



ခိုင်နှင်းဝေဟာ သူမရဲ့ ‘’ခိုင်နှင်းဝေ ရင်သွေးလေးများ ရိပ်မြုံ’’ ဆိုတဲ့ ဂေဟာလေးကို နေရာအသစ်ဆီ ပြောင်းရွှေ့တော့မယ်လို့ ဆိုပါတယ်။ သားသမီးလေးတွေအတွက် တစ်နှစ်စာ အိမ်ငှားလိုက်ပြီလိ့ု သူကပြောပါတယ်။

‘’သားသားမီးမီး လေးများကို နက်ဖြန် နေရာအသစ်ပြောင်းရွှေ့တော့မှာမို့ အလုပ်တွေရှုပ်နေတဲ့ မေမေ ပေါ့။ ကိုယ်နိုင်တဲ့ဝန်လေးနဲ့ နိုင်သလောက် အိမ်လေးငှားလိုက်ပါတယ်။ တစ်နှစ်စာတော့ စိတ်အေးရပြီပေါ့လေ။ အိမ်ငှားလိုက်ပြီဆိုတော့ တာဝန်တွေပိုများလာမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း သားသမီးတွေအဆင်ပြေစေဖို့အတွက် ရဲရဲတင်းတင်း ခြေလှမ်းအသစ်စတင်လိုက်ပါပြီ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီကျော်ကသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ခိုင်နှင်းဝေ

အဲဒီနောက် ခိုင်နှင်းဝေဟာ အိမ်အသစ်လေးမှာ ကလေးတွေ ပျော်ရွှင်ဖို့အတွက် နံရံတွေမှာ ကလေးအကြိုက် ကာတွန်းရုပ်ပုံလေးတွေလည်း ကိုယ်တိုင်ကပ်နေတာကို တွေ့ရပါတယ်။ နောက်ထပ် သူနဲ့ အတူ ပါဝင်ကူညီကြသူတွေလည်း ရှိပါသေးတယ်။

‘’အဖက်ဖက်က ဝိုင်းကူဖေးမပေးကြတဲ့ အလှူရှင်များအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။ ကလေးတွေရဲ့ ကံတရားလေးတွေ မလှပခဲ့ပေမဲ့ ကျွန်မကတော့ ယုံကြည်တယ်။ သူတို့လေးတွေရဲ့ ကံတရားတွေကြောင့်ပဲ ကျွန်မခြေလှမ်းသစ် စတင်နိုင်တယ်လိ့ု ရှေ့ဆက်ဖို့အတွက် အင်အားတွေအပြည့်နဲ့ မေမေနဲ့ ကလေးတို့ရဲ့ နေ့သစ်လေးတွေလှပမယ်လို့ ယုံကြည်ပါတယ်ရှင်’’ လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။

Photo: ခိုင်နှင်းဝေ

သူမဟာ ကလေးလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သူမရဲ့ အလုပ်ကြိုးစားမှုတိုင်းကလည်း ကလေးတွေ အတွက်ပဲလို့ ဆိုပါတယ်။

‘’ကျွန်မ ရင်ထဲက သူတို့လေးတွေ အပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာ ဘယ်လောက်အေးချမ်းတယ်ဆိုတာ ကျွန်မ ပဲ သိတယ်လေ။ တစ်ခါတလေ ကျွန်မ လူတွေကို လိုက်မရှင်းပြချင်တော့ဘူး။ ကျွန်မ ပျော်အောင်နေတယ်။ ကျွန်မ အလုပ်ကောင်းကောင်းလုပ်တယ်။ ကလေးတွေနဲ့ တူတူနေတယ်။ ကောင်းအောင်နေလည်း အကောင်းမပြောကျတဲ့ လူ့ပတ်ဝန်းကျင်မှာ ကျွန်မ ရဲ့ ရပ်တည်မှုကို အလုပ်တွေ ပိုလုပ်ပြီး အေးချမ်းစွာပဲဖြတ်သန်းချင်ပါတော့တယ်။ ခိုင်နှင်းဝေ’’ ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: ခိုင်နှင်းဝေ

ခိုင်နှင်းဝေဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေး ၂၁ ယောက်ကို မွေးစားထားတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က