အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်သာ ရှိပါသေးတယ်တဲ့။
Sabal Thwin

မို့မို့မြင့်အောင်က အသက်၁၆ နှစ်ကျော်အရွယ်က ရိုက်ခဲ့တဲ့ အလှဓာတ်ပုံလေးကနေ မမေ့နိုင်စရာ အမှတ်တရလေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဓာတ်ပုံလေးတွေကနေတဆင့် သူမရဲ့ အနုပညာ ခြေလှမ်းအစပျိုးခဲ့တဲ့ အမှတ်တရတွေအကြောင်း ပြောပြလာပါတယ်။ 

Photo: မို့မို့မြင့်အောင်

သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်ဟာ အနုပညာအလုပ်တွေကို အသက် ၁၆ နှစ်ကျော်အရွယ်ကတည်းက လုပ်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ အဲဒီအချိန်က သူမကို မင်းသားကြီး ဦးမြင့်အောင်ရဲ့ သမီး အဖြစ်သာ ပရိသတ်တွေ သိကြတယ်လို့ ဆိုပါတယ်။

‘’ ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့် WE LOVE MMMAချစ်သူတို့ရှင့်။ မို့ရဲ့ငယ်ဘဝက [မင်းသမီးမဖြစ်သေးခင်]၁၆-၁၇ နှစ် အရွယ်က ပိုစတာပုံလေးတင်ပေးလိုက်ပါတယ် အဲ့ဒီပိုစတာလေး အကြောင်းပြောပြမယ်နော် သိပြီးသူတွေကသိကြမှာပါ။ နှောင်း ကလေးတွေ သိအောင်ပြောပြပါ့မယ်။မဂ္ဂဇင်း cover တွေရိုက် fashion show တွေတက် တဲ့အချိန်ဘဲရှိပါသေးတယ်။ ရုပ်ရှင်လဲမရိုက်ရသေးဘူး။ သီချင်းလဲမဆိုသေးဘူး။ ဒါပေမဲ့မင်းသားကြီး မြင့်အောင်သမီး မို့မို့မြင့်အောင် ပရိသတ်က လှတယ်လို့အသိအမှတ်ပြုခံရပါတယ်’’ လို့ သူကဆိုပါတယ်။


Photo: Mo Myint Aung

အဲဒီနောက် ဂျပန်နိုင်ငံသား ဓာတ်ပုံဆရာ နဲ့ ဆုံပြီး အလှဓာတ်ပုံတွေရိုက်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။အဲဒီအချိန်က မို့မို့မြင့်အောင်ရဲ့ ဓာတ်ပုံတွေကို နိုင်ငံခြားက colour separation နဲ့ ထုတ်တဲ့ ပိုစတာတွေဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အရောင်းရဆုံး ပိုစတာတွေလည်း ဖြစ်ခဲ့ဖူးတယ်ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ မနက် ၁၂ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

‘’တစ်ရက်မှာ JAPANESE PHOTOGRAPHER တစ်ယောက် နဲ့စကားပြန်တစ်ယောက်ရောက်လာ ပြီးအလှဓါတ်ပုံရိုက်ချင်လို့ခွင့်လာတောင်းတယ်။ [မြန်မာပြည်ဓါတ်ပုံအသင်း သူငယ်ချင်း ဓါတ်ပုံဆရာတွေရော coverတွေရော တစ်ချိန်လုံးရိုက်နေတော့]ရိုက်ပေးလိုက်တာပေါ့။ ၂နှစ်လောက်နေတော့မြန်မာပြည်ထဲကို ဘန်ကောက်နယ်စပ်ကတဆင့်ဝင်လာပါလေရော။ကိုယ့်ပုံတောင်သူများလာပေးမှစတွေ့ဘူးတော့တာဘဲ။အဲ့ဒီအချိန်တုံးက မြန်မာ ပြည်မှာပထမဦးဆုံး နိုင်ငံခြားကcolour separation ထုတ်တဲ့ပိုစတာပါဘဲ။ နယ်စပ်မှာ အရောင်းရဆုံးပိုစတာပေါ့။အောင်မြင်တော့လဲမြန်မာပြည်ရဲ့စာပေစစ် ဆေးရေးက ခေါ်တောင်းအစစ်ခံရတယ်။ တော်သေးတာပေါ့ ကိုယ်က ဘာငွေကြေးမှ ဘာလက်ဆောင်မှ လက်မခံခဲ့တော့ရှင်းတာပေါ့လေ’’ လို့ သူကဆိုပါတယ်။


Photo: မို့မို့မြင့်အောင်

ဒါကြောင့် သူမရဲ့ ဓာတ်ပုံဟောင်းလေးတွေကို လာပေးကြတဲ့ မိတ်ဆွေကိုလည်း အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ဝမ်းသာအားရစွာနဲ့ ကျေးဇူးတင်စကား ဆိုလာပါတယ်။

‘’ပိုစတာ မျက်နှာက ဘာမာယာမှမရှိသေးတဲ့ innocent မျက်နှာပေး ပါ။ We Weလေးတွေချစ်ကြမယ်ထင်ပါ့ ။ဒီပိုစတာလေးကမို့လက်ထဲမှာမရှိတော့ဘူး။ နှစ်ပေါင်းများစွာသိမ်း ဆည်းထားပြီးမှ လက်ဆောင်ပေးတဲ့ရှေွပုပ္ပါးဦးအုံးခိုင်ကိုကျေးဇူးတင်သလို ပုံလေးကိုပြန်လည်မွန်းမံပေး တဲ့ ဓါတ်ပုံပညာရှင် ကိုထင်လင်းကိုလည်းကျေးဇူးတင်ပါတယ်’’ လို့ သူကဆိုပါတယ်။


Photo: မို့မို့မြင့်အောင်

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။


က္က