ဘန်ကောက် နဲ့ ရန်ကုန်ကို အပြေးအလွှား။
စိုင်းစိုင်းခမ်းလှိုင်က ၁၅ ကြိမ်မြောက်ကျင်းပသွားမယ့် Birthday Show အတွက် အလုပ်တွေများလို့နေပါတယ်။ အချိန်မပေးနိုင်ဖြစ်ခဲ့ရတဲ့ ပရိသတ်တွေကို နားလည်ခွင့်လွှတ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။

Photo: Sai Sai

ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် Birthday Show အတွက် အားသွန်ခွန်စိုက် ကြိုးကြိုးစားစားဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဘန်ကောက်နဲ့ ရန်ကုန်ကို အပြေးအလွှားသွားနေရတယ်တဲ့။

‘’Birthday Show အတွက် ဒီမနက် အစည်းအဝေးတက်ဖို့ မနေ့ညက ဘန်ကောက်ကို လေယာဉ်တစ်တန်၊ ရထားတစ်တန်နဲ့သွားပြီး ဒီနေ့ညနေ Taxi တစ်တန် ကားလမ်းပိတ်ပြီး နောက်ကျလို့ ရထားတစ်တန် အသားကုန်ပြေးပြီး လေယာဉ်တစ်တန်နဲ့ ပြန်လာပြီး အခု Birthday Show အမှီ ပရိသတ်ကိုလက်ဆောင်ပေးနိုင်ဖို့ Frenzo နဲ့ အစည်းအဝေးကို ထပ်ပြေးနေတဲ့မေမေ့သားလေး’’ ဆိုပြီးတော့ မတ်လ ၈ ရက်နေ့ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: Sai Sai

ဒါကြောင့် အချိန်မပေးနိုင်ခဲ့တဲ့ ပရိသတ်လေးတွေကို ခွင့်လွှတ်ပေးဖို့ စိုင်းစိုင်းက တောင်းဆိုထားပါတယ်။ Birthday Show ကိုလည်း အကောင်းဆုံးဖြစ်အောင် စီစဉ်သွားမယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’တစ်လက်စတည်း ပွဲအတွက် ဒီလောက် ချာလပတ်ရမ်းအောင် လုပ်နေရတဲ့အတွက် ဘယ်ကျောင်းကိုမှ မရောက်ဖြစ်တာကိုလည်း နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း’’ ဆိုပြီးတော့လည်း အလုပ်တွေ များနေပုံကို အမှတ်တရ ဓာတ်ပုံတင်ခဲ့ပါသေးတယ်။ စိုင်းစိုင်းရဲ့ ပရိသတ်တွေကလည်း အားတင်းထားဖို့ အားပေးစကားပြောခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Amazing Grace

စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ အတွေ့အကြုံတွေ အများကြီးရှိသူ တစ်ဦးဖြစ်ပါတယ်။ Birthday Show မှာ သူ့ရဲ့ ပရိသတ်တွေကို စည်းစည်းလုံးလုံးရှိစေချင်တယ်လို့ ဆိုပါတယ်။

‘’ဒီနှစ်Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅နှစ်ပြည့်ဖြစ်ပါတယ်။ 15Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကကျွန်တော့်အတွက်အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကိုလည်းဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ရက်နေ့ ည ၈ နာရီ ၄၆မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းပြော ပြခဲ့တာ ဖြစ်ပါတယ်။

Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က