ရိုက်မယ့်ရက်တောင် မစောင့်နိုင်တော့ဘူးတဲ့။
Sabal Thwin

ထွန်းထွန်းကတော့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ ဇာတ်ကားတွေ မရိုက်ဖြစ်တာ ကြာပြီလို့ ဆိုပါတယ်။ 

သရုပ်ဆောင် ထွန်းထွန်းကတော့ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ “ယောက္ခမ တစ္ဆေ” ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာညိုမင်းလွင်နဲ့ ဇာတ်ကားအတူတူမရိုက်တာလည်း ကြာပြီလို့ ထွန်းထွန်းက ပြောပါတယ်။ 

"သတင်းကောင်းလေး လာပါပြီ။ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမယ့် " ယောက္ခမတစ္ဆေ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်မည် ဖြစ်ပါတယ်ဗျာ။ ဗီဒီယို တခေတ်မှာ အလုပ်တွေအတူတူလက်တွဲခဲ့တဲ့ ကိုညိုနဲ့အတူတူ ပြန်ပြီး ပူးပေါင်းရမှာဖြစ်လို့ ရိုက်ကူးဖို့ အတွက် မစောင့်နိုင်အောင်ပါပဲ။ ကဲ #WLTTE အပေါင်း သူတော်ကောင်းတို့ရေ KKTT ကိုအားပေးကြပါဦး" ဆိုပြီးတော့ မတ်လ ၇ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

“ယောက္ခမ တစ္ဆေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာတော့ ထွန်းထွန်းနဲ့ အတူ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်နဲ့ လှနုထွန်းတို့လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ထွန်းထွန်း၊ ဒါရိုက်တာ ညိုမင်းလွင် နဲ့ သင်ဇာဝင့်ကျော်တို့ဟာ "လူသားများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်" ဆိုတဲ့ ဇာတ်ကားမှာလည်း ဆုံတွေ့ခဲ့ကြဖူးတယ်လို့ သိရပါတယ်။ “ယောက္ခမ တစ္ဆေ” ရုပ်ရှင်အတွက် နောက်ထပ် ဇာတ်ကောင်တွေ ကျန်ရှိနေသေးတာဖြစ်ပြီး ဇာတ်ညွှန်းပြင်ဆင်မှုတွေလည်း အပြီးသတ်တော့မယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က