ဖေကြီးက လူတွေကို ရယ်မော ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တယ်။

ဦးမန်းဝင်းရဲ့ နောက်ဆုံးခရီးမှာ မိသားစုဝင်တွေက မျက်နှာကို ရွှေချပေးခဲ့တဲ့ ရည်ရွယ်ချက်ကို မန်းဝင်းရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက အခုလို ပြောပြလာပါတယ်။ 

Photo: Man Win



ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းရဲ့ ဈာပနမှာ မိသားစုဝင်တွေက မျက်နှာကို ရွှေချပေးခဲ့ပါတယ်။အခုလို ရွှေချပေးခဲ့တဲ့အပေါ် သူ့ရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက အခုလို ပြောပြလာပါတယ်။ 

" ရွှေချရခြင်းအကြောင်းရင်း " ဖေကြီးဟာ လူတွေကို ရယ်မောပျော်ရွှင်အောင် ပြောခဲ့တာကြောင့် နှုတ်ခမ်းကို ရွှေချရခြင်းဖြစ်ပါတယ်။ဖေကြီးဟာ လူတွေကို ပြုံးရွှင်အောင် မျက်နှာကဖန်တီးခဲ့တာကြောင့် မျက်နှာကို ရွှေချရခြင်းဖြစ်ပါတယ်။ တပည့်သားမြေးတွေက ရွှေလိုတန်ဖိုးထား လေးစားချစ်ခင်ကြတာကြောင့် နောက်ဆုံးခရီးမှာ တယုတယ ရွှေချပေးရခြင်းဖြစ်ပါတယ်" ဆိုပြီးတော့ မန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင် ၁၅ ရက်နေ့ ညက သမီးဖြစ်သူ ကြည်ဖြူမန်းဝင်း ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Man Win

လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် မန်းဝင်းကတော့ ဇူလိုင်လ (၁၃) ရက်နေ့ မနက် (၆) နာရီခွဲ ကပင်လုံဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနကိုတော့ ဇူလိုင်(၁၅) ရက်နေ့က ကျီစုသုဿာန်မှာ ပြုလုပ်ခဲ့တာပါ။ ဦးမန်းဝင်းရဲ့ နောက်ဆုံး ခရီးကို ဇာတ်သဘင်လောကမှ အနုပညာရှင်များ ၊ ပရိသတ်များစွာ တို့က လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဦးမန်းဝင်းအတွက် ရက်လည်ဆွမ်းကျွေး ကိုတော့ ဇူလိုင်လ (၁၉) ရက်နေ့ မနက် (၇) နာရီအချိန် သာကေတမြို့နယ်၊ ပတ္တမြား (၂) လမ်းမှာရှိတဲ့ ဦးမန်းဝင်းရဲ့ နေအိမ်မှာပဲ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ 

Photo: Man Win

လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာ အရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။ ဦးမန်းဝင်းကတော့ ကွယ်လွန်ချိန်မှာ အသက်(၇၈) နှစ်ရှိပါပြီ။ မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က