သူ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေ အကြောင်းပြောပြလာပါတယ်။

အဓိပ္ပာယ်ရှိတဲ့ အရာလေးတွေကို တက်တူးထိုးလေ့ရှိတဲ့ သရုပ်ဆောင် ဖွေးဖွေးက ဧရာဝတီလင်းပိုင် ပုံလေးတွေကိုလည်း တက်တူးထိုးသွားဦးမယ်လို့ ဆိုပါတယ်။ 

Photo: Phway Phway



သရုပ်ဆောင် ဖွေးဖွေးကတော့ တက်တူးထိုးရတာ ဝါသနာပါတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူမဟာ တက်တူး တစ်ခါထိုးရင် အဓိပ္ပာယ်ရှိတဲ့ အရာမျိုးကိုသာ တက်တူးထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ 

“ ကိုယ်မသေခင် ဘာလေးတွေ လုပ်ချင်တာ ရှိသလဲဆိုရင်တော့ ဘယ်သူ့ကိုမှလည်း မထိခိုက်တဲ့ တက်တူးထိုးတာကိုတော့ ဖွေးလုပ်ဖြစ်တယ်။ ငယ်ငယ်တုန်းကဆိုရင် အဖေ နဲ့ အမေက တက်တူး လုံးဝ ပေးမထိုးဘူး။ ဒါပေမယ့် အသက်(၂၀) အရွယ်မှာ ဖွေး ပထမဆုံး ထိုးတဲ့ တက်တူးက ခါးမှာ ကြယ်လေးတွေထိုးတာပေါ့။ လက်ပံ ရုပ်ရှင်ဇာတ်ကားတုန်းက အမှတ်တရ အနေနဲ့ ကျောမှာ တက်တူး ထိုးထားသေးတယ်။ ကိုယ့်အတွက် အရမ်းခက်ခဲပြီး အရမ်းအဓိပ္ပာယ်ရှိတယ်ဆိုရင် တက်တူးထိုးတယ်။ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားတုန်းကလည်း နှင်းဆီပန်းပုံ တက်တူးထိုးတယ်။ Love Equation ရုပ်ရှင် အမှတ်တရအနေနဲ့ နေကြာပန်းပုံလေး ထိုးထားသေးတယ်။ ကိုယ့်ကို အားဖြစ်စေတဲ့ တက်တူးလေးတွေ ထိုးတယ်။ အခုဆိုရင် ဧရာဝတီလင်းပိုင်ပုံလေးတွေကို တက်တူးထိုးမယ်လို့ စဉ်းစားထားတယ်” လို့ သြဂုတ်လ(၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောပြလာတာပါ။  

Photo: Phway Phway

ဖွေးဖွေးကတော့ သရုပ်ဆောင်အလုပ်သာမက သီချင်းဆိုတာကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် Stay Home ကာလမှာ သူမကိုယ်တိုင် သီဆိုထားတဲ့ " ငါ့ကမ္ဘာထဲ" ၊ "ဘိုမ" စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားတာလည်း တွေ့ရပါတယ်။ သူမဟာ ပန်းချီဆွဲတာကိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် အလုပ်တွေ အားတဲ့ရက်တွေမှာ မကြာခဏ ပန်းချီလေးတွေ ဆွဲဖြစ်တယ်လို့ Live ထဲမှာ ပြောပြခဲ့ပါတယ်။ အနုပညာအလုပ်ကို ရူးသွပ်လွန်းသူ တစ်ယောက်ဖြစ်တာကြောင့် အနုပညာနဲ့ ပတ်သက်တာမှန်သမျှ အကုန်လုံး ဝါသနာပါတယ်လို့ ဆိုပါတယ်။ 

Photo: Phway Phway

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က