မုတ္တမဆေးရုံမှာ အလှူငွေ သိန်း(၄၀) တိတိ လှူဒါန်းခဲ့ပါတယ်။
Ei Ei Myat

ချမ်းချမ်းက သဘာဝဘေးအန္တရာယ် ခံစားနေရတဲ့ မွန်ပြည်နယ် ရေဘေးသင့် ပြည်သူတွေဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရေးမြို့သို့ သွားနေတယ်လို့ သိရပါတယ်။

 

Photo : ချမ်းချမ်း

ချမ်းချမ်းက ရေဘေးသင့် ပြည်သူတွေအတွက် ရန်ကုန်မှာ ကိုယ်တိုင်ကိုယ်ကျ အလှူလိုက်ခံပြီး ဒီနေ့ (သြဂုတ်လ၁၂ရက်)နေ့မှာ မွန်ပြည်နယ်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလို့ နေပါတယ်။ ပေါင်၊ မုတ္တမဘက်က လှူတဲ့သူတွေ တအားများလို့ လုံလောက်စပြုနေပြီ ဖြစ်တာကြောင့် သူမက ရေးမြို့သို့ သွားနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်(၇) နာရီလောက်ကတည်းက ရန်ကုန်က စထွက်ခဲ့တဲ့ သူမတို့ ပရဟိတအဖွဲ့ဟာ မုတ္တမဆေးရုံးမှာ အလှူငွေ သိန်း(၄၀) တိတိနဲ့ သောက်ရေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မုတ္တမ ဆေးရုံမှာ ၇ရက်စားသမီးလှူဒါန်းတဲ့ အလှူငွေ ထဲက သိန်း၄၀တိတိနဲ့ ရေသန့်ကဒ်တစ်ရာကို မန္တလာမင်းကအကိုခင်အောင်..မလဲ့လဲ့အေးနဲ့ အတူ လှူဒါန်းခဲ့ပါတယ်။.ရေဘေးကြောင့်အသက်ပျောက်ခဲ့ရတဲ့အလောင်းတွေကိုဆေးရုံမှာနေရာချထားရေးတွေလုပ်နေရတယ်.။သနားစရာကောင်းလိုက်တာ...လူရောစိတ်ရောပင်ပန်းနေရှာတဲ့ ကျမတို့ညီအကိုမောင်နှမတေ ..ဘေးကင်းကြပါစေကွယ်..အခုလှူထားတာလေးကိုစေတနာရှင်တွေ သာဓုခေါ်နိုင်ပါစေနော်..အခုရေးမြို့ကိုဆက်သွားနေပါပြီ” ဆိုပြီး သြဂုတ်လ(၁၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။



မွန်ပြည်နယ်၊ ရေးမြို့မှာ သြဂုတ်လ(၉)ရက်နေ့က စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တစ်မြို့လုံးရေနစ်မြုပ်ခဲ့ကာ ဒီကနေ့ သြဂုတ်လ(၁၂)ရက်နေ့မှာတော့ ရေးမြို့ပေါ်မှာရေကျသွားပြီး သွားလို့လာလို့ရပေမယ့် မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာတော့ ရေကြီးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ပြည်သူတွေအတွက် အခြားသော တိုင်း၊ပြည်နယ်များက ပြည်သူတွေ၊ ပရဟိတအဖွဲ့အစည်းတွေက အလှူငွေများ ကောက်ခံနေပြီး ပြန်လည်ထူထောင်ရေးတွေအတွက် ကြိုးစာနေတာတွေ တွေ့ရပါတယ်။

Photo : ချမ်းချမ်း

ယခုလို ရေကြီးတဲ့ နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခဲ့တဲ့ ချမ်းချမ်းအတွက်ကိုလည်း ပရိသတ်တွေက ချီးကျူးစကားဆိုထားကြပါတယ်။

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက် ‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။


ဆက်စပ်အကြောင်းအရာများ


က္က