ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။
Sabal Thwin

ဒေါင်းကတော့ ခြေထောက်ဒဏ်ရာ မသက်သာသေးတာကြောင့် မန္တလေးမှာကန်မယ့် ဘောလုံးပွဲမှာ မကန်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

Photo: Daung

ပရိသတ်အချစ်တော် ဒေါင်း ကတော့ မန္တလေးက ပရိသတ်တွေကို ကြိုတင်တောင်းပန်စကားဆိုလာပါတယ်။ ဒါကတော့ မန္တလေးမှာကန်မယ့် ဘောလုံးပွဲကို ခြေထောက်ဒဏ်ရာကြောင့် ပါဝင်ကစားတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

‘’ ကျွန်တော် မန္တလေးမှာ ကန်မယ့် ဘောလုံးပွဲကို အကြောင်း အမျိုးမျိုးကြောင့် မလာဖြစ်တော့ပါဘူူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အခုရိုက်နေတဲ့ ဇာတ်ကားထဲက Mood တွေ၊ ဖီလင်တွေကို ဖြတ်လို့ မရတာကြောင့်ရယ်၊ သြဂုတ်လ ၂၄ ရက်နေ့က ကန်ခဲ့တဲ့ ဘောလုံးပွဲမှာ ကျွန်တော် ခြေထောက်ဒဏ်ရာနည်းနည်းထိထားတာက နားမှ အဆင်ပြေမှာ မို့လို့ နားတာပါ။ အဲဒါလေးတွေအတွက် ကြိုပြီးတောင်းပန်တာပါ’’ လို့ သူကဆိုပါတယ်။

Photo: Daung

အဲဒီနောက် ‘’Daung-ဒေါင်း’’ ဆိုတဲ့ Facebook Page ကလည်း သူကိုယ်တိုင်ကိုင်တဲ့ Page မဟုတ်ပေမယ့် သူ ခန့်ထားတဲ့ Page Admin တွေရှိတယ်လို့ ဆိုပါတယ်။

‘’ကျွန်တော့် Page ကို ကျွန်တော် မအားတဲ့အချိန်တွေ၊ ဇာတ်ကားရိုက်ကူးနေတဲ့ အချိန်တွေမှာ ပရိသတ်တွေနဲ အဆက်မပြတ်ဖို့ ကျွန်တော့်ရဲ့ ပုံလေးတွေ၊ ကျွန်တော်နဲ့ ပတ်သက်တာ တစ်ခုခုကို တင်ပေးဖို့ Admin ခန့်ထားတာ ရှိပါတယ်။ အဲဒါကိုလည်း နောက်တစ်ခါကျရင် Live လွှင့်ပြီးတော့ ကျွန်တော့်ရဲ့ မန်နေဂျာ၊ ကျွန်တော့်ရဲ့ Admin ကို မိတ်ဆက်ပေးပါမယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၅ ရက်နေ့ ည က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဗီဒီယိုဖိုင်လေးတင်ရင်း ပြောပြခဲ့ပါတယ်။

Photo: Daung

‘’Daung-ဒေါင်း’’ ဆိုတဲ့ Facebook Page ကနေ တခြားသတင်းတွေကို Share ထားတာတွေကြောင့် ပရိသတ်တွေက ဒီ Page ဟာ သရုပ်ဆောင် ဒေါင်းရဲ့ Page အစစ် ဟုတ်မဟုတ် သံသယဝင်ခဲ့ကြပါတယ်။ ဒီ့အတွက် ဒေါင်းက သူ့ရဲ့ Page အစစ်ဖြစ်တဲ့အကြောင်းကိုလည်း ကိုယ်တိုင် ဗီဒီယိုရိုက်ပြီးပြောပြခဲ့ပါသေးတယ်။

‘’ ကျွန်တော့် Page ကို ဘာကြောင့် Admin နဲ့ လွှဲထားတာလဲဆိုတော့ ကျွန်တော် ဇာတ်လမ်းတွေရိုက်နေတဲ့အခါကျရင် ကာရိုက်တာအတွက် Mood တွေ၊ ကာရိုက်တာအတွက် အပြည့်အဝ အာရုံစိုက်ထားမှုတွေကြောင့် Facebook လည်း မသုံးဖြစ်ဘူး၊ ဖုန်းလည်း မသုံးဖြစ်ဘူး။ ကျွန်တော့်ရဲ့ Admin နဲ့ Team က ပရိသတ်တွေက ဒီလိုမျိုးတွေ ထင်နေတယ် ဆိုတဲ့ အပေါ်မှာ ရှင်းပြပြီးတော့ ဗီဒီယိုလေးကို ကျွန်တော်ကိုယ်တိုင်ရိုက်ပြီးတော့ တင်ထားခြင်းဖြစ်ပါတယ်။ အခု ရှုတင်မှာပါ။ အားလုံးအတွက် ကျွန်တော်အမြဲတမ်း ကြိုးစားနေပါတယ်” လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Daung

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာကို တွေ့ရပါတယ်။ 




က္က