အိမ်က ခွေးလေး ကီကီကြောင့် လှူဖြစ်ခဲ့တာပါတဲ့။
Sabal Thwin

အေးဝတ်ရည်သောင်းဟာ သူမရဲ့ ခွေးလေး ကီကီကြောင့် ‘’ရွှေရောင်နှလုံးသား’’ ဂေဟာမှာရှိတဲ့ ခွေးလေးတွေအတွက် အာဟာရ အလှူပြုခဲ့တာကို တွေ့ရပါတယ်။

Photo: Amazing Grace

သရုပ်ဆောင် အေးဝတ်ရည်သောင်းက မေလ ၂၄ ရက်နေ့က ‘’ရွှေရောင်နှလုံးသား’’ဆိုတဲ့ ခွေးဂေဟာမှာ ခွေးလေးတွေအတွက် အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူအတွက် သူမ ရင်ထဲက ပီတိစကားကိုလည်း အခုလို ပြောပြလာပါတယ်။

‘’လူတွေအကြောင်းသိလေ ခွေးလေးတွေနဲ့ သဘာဝပါတ်ဝန်းကျင်ကို ပိုချစ်တတ်လေတဲ့။ ဒါ့တွေကြောင့် ဒီ ရွှေရောင်နှလုံးသားမှာ လှူ ဖြစ်ခဲ့တယ်။ အလှူခံ ၁၄ မျိုးထဲမှာ ခွေးလေးတွေလည်းပါတယ်လို့လည်း ဖတ်ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အလှူလေးတွေ ဆက်လုပ်သွားမယ်။ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းချင်တယ်။ ၂၅.မေ.၂၀၁၉’’ ဆိုပြီးတော့ မေလ ၂၅ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

ခွေးဂေဟာမှာ အလှူလုပ်ဖြစ်ခဲ့ပုံကိုလည်း မအေးသောင်းက ပြောပြလာပါတယ်။ ဒါကလည်း သူ အရမ်းချစ်ရတဲ့ ခွေးလေး ကီကီကြောင့် လှူဒါန်းခဲ့တာပါတဲ့။

‘’ရွှေရောင်နှလုံးသားမှာ လှူဖြစ်ဖို့အကြောင်းအရင်း ဖြစ်လာတာက အိမ်က ကီကီလေးကြောင့်ဖြစ်လာရတာပါ။ ကီကီဆိုတာက အိမ်မှာမွေးထားတာ ၁၃ နှစ်ကျော်နေပါပြီ။ အခုကီကီလေးက ပါးဇောင်ကင်ဆာဖြစ်နေတာ။ ပါးမှာအကျိတ်ဖြစ်နေတာပေါ့။ အစာစားရင် အကျိတ်က ပိုကြီးလာတယ်။ သူ့အနာကလည်း အစာတောင်းတယ်တဲ့။ အခုဆို ဒီ၁၅ ရက်အတွင်း မေ့ဆေးပေးပြီးခွဲရတာ ၂ ခါရှိပါပြီ။ အမွှေးတွေလည်းအကုန်ရိတ်ထားရပါတယ်’’ လို့ ဆိုပါတယ်။

Photo: Amazing Grace

အေးသောင်း နေမကောင်းဖြစ်တဲ့ အချိန်မှာတောင် ကီကီက အရမ်းဂရုစိုက်ပေးတယ်လို့ ဆိုပါတယ်။ ဒီခွေးလေးနဲ့ သူမတို့ရဲ့ သံယောဇဉ်ကတော့ ၁၃ နှစ်ရှိပါပြီတဲ့။

‘’ကိုယ်နဲ့က တအားကြီးလုံးမနေပေမယ့်ကိုယ် နေမကောင်းတဲ့အခါ ကိုယ့်ကုတင်နား ကမခွာပဲစောင့်ပေးတာ ကိုယ်ခရီးကပြန်ရင် ပျော်ရွှင်ပြီး အပြေးအလွှား ထွက်ကြိုတတ်တာ (အခုတော့ သူမထနိုင်တော့ဘူး။  ကိုယ်ဘာလုပ်လုပ် မျက်လုံးအဝိုင်းသားနဲ့ အမြဲငေးကြည့်တာ ကိုယ့်အပေါ်သစ္စာသိပ်ရှိတာတွေက ဒီ ၁၃ နှစ်ကျော်အတွင်းသံယောဇဉ်အကြီးကြီး ဖြစ်မှန်းမသိဖြစ်ရတာပါပဲ’’ လို့ သူကပြောပါတယ်။ 

Photo: Amazing Grace

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က