နေခြည်ဦးတစ်ယောက် မွေးနေ့မတိုင်ခင် လုပ်ဖြစ်ခဲ့တဲ့ အလှူအတန်းတွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ အဲဒီနောက် သူချစ်ရတဲ့ Chili လေးတွေနဲ့ အလှူအတန်းတွေ လုပ်နေရလို့လည်း ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။
Photo: Nay Chi Oo Fb
ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်မယ့် မင်းသမီးချောလေး နေခြည်ဦးက မွေးနေ့မတိုင်ခင် အလှူအတန်းတွေ လုပ်နေတာကို တွေ့ပါတယ်။ ချစ်ရတဲ့ We Love လေးတွေနဲ့အတူ အလှူလုပ်ခွင့်ရတဲ့ သူမရဲ့ ခံစားချက်တွေကို အခုလိုပြောပြလာပါတယ်။
‘’ဒီနေ့ကတော့ မွေးနေ့အတွက် ပထမဆုံးအလှူလေးပေါ့။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ
လှူချင်တာမို့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက်၊ အလယ်ရွာ၊ ရွှေပြည်သာတံတာအဆင်း လှိုင်သာယာမှာ သွားရောက်လှူဒါန်းဖြစ်ခဲ့တယ်။ ဒီကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသား မူလတန်းကနေ အထက်တန်းအထိ (၂၅၁၅) ဦးတောင်ရှိတယ်။ ကိုရင်လေးတွေ၊ သီလရှင်ဆရာလေးတွေလည်း ပါတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Nay Chi Oo Fb
ေနခြည်ဦးဟာ ကလေးငယ် အယောက် ၂၅၁၅ ဦးအတွက်အတွက် အဝတ်အစားတွေ၊ မုန့်၊ ပဲ၊ နို့၊ အရုပ်တွေ အပြင် စာသင်ကျောင်းမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေအတွက် လစဉ်သုံးပစ္စည်းတွေကိုပါ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မွေးလတူ ကလေးတွေနဲ့ အမှတ်တရမွေးနေ့ ကိတ်ကိုလည်း ပျော်ပျော်ပါးပါးခွဲခဲ့တယ်လို့ ဆိုပါတယ်။
‘’January born ကလေးတွေနဲ့အတူ ကိတ်ခွဲတဲ့အချိန်ကတော့ ဒီနေ့ရဲ့ အပျော်ဆုံးချိန်ထဲက တစ်ခုပေါ့။ တကယ့် ကလေးသေးသေးလေးတွေကနေ ၁၅/၁၆/၁၇ အရွယ်လေးတွေရော ၊ ကိုရင်လေးတွေ၊သီလရှင်ဆရာလေး ၁၀၀ ကျော်လောက်နဲ့အတူ Happy Birthday သီချင်းတူတူဆို၊ ဖယောင်းတိုင်မီးမှုတ် ၊ ကိတ်ခွဲနဲ့ ပုံတွေထဲမှာသာကြည့်လိုက်တော့ ပျော်နေပုံတွေကို။ နေခြည်ရဲ့ Beautybynaychilabel your social media BFF book လေး တွေကိုလည်း ကိုးတန်း၊ ဆယ်တန်း ကျောင်းသူလေး ၁၄၀ ကျော်ကို လက်ဆောင်လေးပေးခဲ့သေးတယ်" ‘ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီ ၅၂ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo: Nay Chi Oo Fb
အဲ့ဒီနောက် နေခြည်ဦးက သူ့ရဲ့ မွေးနေ့ရက်မတိုင်ခင်အထိ သူမချစ်ရတဲ့ Chilli လေးတွေ နဲ့ အတူ အလှူအတန်းတွေ ဆက်တိုက် ဆောင်ရွက်သွားဦးမယ်လို့ ဆိုပါတယ်။
‘’မနက်ဖြန်မှာလည်း တစ်နေကုန် အလှူတွေ ဆက်လုပ်ဦးမှာ တာ့ page လေးကို see first ထားပေးနော်။ နေခြည်လိုဘဲ မွေးနေ့အလှူလုပ်ချင်သူတွေဘဲဖြစ်ဖြစ် ၊ ပရဟိတအလှူတစ်ခုခုလုပ်ချင်ကြသူတွေအတွက် ဒီစာသင်ကျောင်းလေးကို လှူဖို့တိုက်တွန်းလိုက်ပါတယ်နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Nay Chi Oo Fb
မင်းသမီးချောလေး နေခြည်ဦးက အခုလက်ရှိမှာ ဒါရိုက်တာမင်းဦး၊ သရုပ်ဆောင်ကျော်ထက်အောင်တို့နဲ့ အတူ ‘’ကိုယ်ပွား’’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေပါတယ်။ သူမရဲ့ မွေးနေ့ကိုလည်း ဇာတ်ကားရိုက်ကူးရင်းဖြတ်သန်းမှာ ဖြစ်ပါတယ်။ အဲဒီနောက် ‘’ကိုယ်ပွား’’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီးရင်လည်း မယ်သီလရှင်ဝတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။