ဒီနေ့က သူမရဲ့ မွေးနေ့လေးပါ။

ဒီနေ့က သရုပ်ဆောင် ဆုအိမ့်စံရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ သူမရဲ့ ခင်ပွန်းလောင်းကလည်း မွေးနေ့ဆုတောင်း စကားလေး ပြောထားတာတွေ့ရပါတယ်။

Photo : ဆုအိမ့်စံ

ဒီနေ့မတ်လ(၂၂) ရက်နေ့က သရုပ်ဆောင် ဆုအိမ့်စံရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့လေးမှာ ဘုရားသွား ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။ “မွေးနေ့မှာ ဘုရားသွားဖြစ်တာလေး ချစ်တဲ့သူတွေပေးတဲ့ဆုနဲ့ပြည့်ပါစေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၂၂) ရက်နေ့က ရေးသားထားပါတယ်။

ဆုအိမ့်စံရဲ့ မွေးနေ့လေးအတွက် သူငယ်ချင်းတွေ ပရိသတ်တွေက မွေးနေ့ဆုတောင်းစကားလေးတွေ ပြောထားကြသလို ချစ်သူဖြစ်တဲ့ သူရိယကလည်း ယခုလို မွေးနေ့ဆုတောင်း စကားလေး ပြောထားပါသေးတယ်။ “ပိုပိုလာသောအချစ်တွေ နဲ့ ကိုကိုနဲ့ဘေဘီ နှစ်ယောက်အတူပိုချစ်နိုင်ပါစေ. Happy Birthday Baby.” ဆိုပြီး သူရိယရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ဆုအိမ့်စံ

ဆုအိမ်စံဟာ လက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရုတ်တရက် စေ့စပ်ပွဲ ကျင်းပလိုက်ပြီလို့ တရားဝင် ပြောထားပါတယ်။ ဒီလို ကျင်းပဖြစ်သွားတဲ့ အကြောင်းကိုလည်း ဆုအိမ့်စံက Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ အဓိက ကတော့ ဆုဆု ဖြစ်စေချင်တဲ့အတိုင်းကို သူ့မိဘတွေကရော၊ သူကရော ဆုဆု သဘောတွေအားလုံးကို လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စေ့စပ်ပွဲကျင်းပဖို့ စီစဉ်ထားတာကတော့ အစောကြီးကတည်းကပါ။ မပြောပြဖြစ်တာပဲ ရှိတာပါ။ ဒါကလည်း ပွဲက ဘယ်တော့လုပ်ဖြစ်မယ်ဆိုတာကို သေချာ မသိသေးတော့ စေ့စပ်လိုက်ပြီဆိုတော့မှ ဆုဆုတို့ တကယ်စေ့စပ်လိုက်ပြီဆိုတာကို ပြောတာပါ” လို့ သူကဆိုပါတယ်။

Photo : ဆုအိမ့်စံ

ခင်ပွန်းလောင်း သူရိယနဲ့အတူ ဖြတ်သန်းသွားမယ့် အနာဂတ်ခရီးအတွက် စိတ်ကူးယဉ်ထားတာတွေလည်း ရှိတယ်လို့ ဆုအိမ့်စံက ပြောပါတယ်။ မိသားစုနှစ်စု ပေါင်းစည်းခွင့်ရလိုက် လို့လည်း ပျော်ရွှင်ရတယ်လို့ သူကဆိုပါတယ်။

‘’စိတ်ကူးယဉ်ထားတာတွေ၊ တိုင်ပင်ထားတာတွေကတော့ အများကြီးပဲပေါ့နော်။ မစေ့စပ်ခင်အရှေ့မှာဆိုရင်လည်း သူတို့ မိဘတွေက ဆုဆုကို လာပြီးတောင်းရမ်းကြတယ်။ မိသားစုတွေ အားလုံးကလည်း ၂ ခုကနေ ၁ ခုဖြစ်သွားတယ် အရမ်း အရမ်းကိုပျော်စရာကောင်းပါတယ်’’ လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညက Hero ရုပ်ရှင်အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့ ချစ်သူစုံတွဲဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ချစ်သူသက်တမ်း ၂ နှစ် ပြည့်ခဲ့ကြတာဖြစ်ပါတယ်။



က္က