ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
Sabal Thwin

၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံးအမျိုးသား အဆိုတော်အဖြစ် G Fatt က ဆုရရှိခဲ့ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်)မှာလည်း MCC မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံး အမျိုးသားအဆိုရှင်ဆု ကိုတော့ အဆိုတော် G Fatt က ဆုရရှိခဲ့ပါတယ်။ 



“ ကျွန်တော့်ရဲ့ ဝါသနာကို အမြဲအားပေးခဲ့တဲ့ အမေ့ကို ကျေးဇူူးတင်ပါတယ်။ ကျွန်တော့်ရဲ့ သီချင်းတွေကို နားထောင်ပေးတဲ့၊ အားပေးတဲ့ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ သီချင်းတွေ အများကြီး တောင်းပေးကြတဲ့ ပရိသတ်များစွာကို စင်မြင့်ထက်ကနေ ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။ 

အခုဆိုရင်တော့ City FM ဟာ18 နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် ကောင်းတွေလည်း မွေးထုတ်ပေးခဲ့တာဖြစ်သလို၊ အဆိုတော် အသစ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ City FM ဆုပေးပွဲကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ Project K ၊ ဖိုးသောကြာနဲ့ အားမန်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီ ဆုပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က