ပရိသတ်ကို ကျေးဇူးတင်စကားဆိုလာပါတယ်။
Sabal Thwin

၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံးအမျိုးသမီး အဆိုတော်အဖြစ် ဝိုင်းစုခိုင်သိန်းက ဆုရရှိခဲ့ပါတယ်။ နွားကျောင်းသူ အခွေ နဲ့ ရရှိခဲ့တာပါ။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်)မှာလည်း MCC မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံး အမျိုးသမီးအဆိုရှင်ဆု ကိုတော့ ဝိုင်းစုခိုင်သိန်းက “နွားကျောင်းသူ” တေးစီးရီနဲ့ ရရှိခဲ့တာပါ။ 



“ ဝိုင်းစုကို City FM က ပေးတဲ့ ဆု ရဖို့အတွက် အနယ်နယ်အရပ်ရပ်က အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်တယ်။သီချင်းကောင်းတွေကို ရေးပေးတဲ့ တေးရေးဆရာတွေကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်တဲ့ သူတွေ အားလုံးကို ဝိုင်းစု ကျေးဇူးအများကြီးတင်ပါတယ်” လို့ သူကဆိုပါတယ်။ 

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ City FM ဟာ18 နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် ကောင်းတွေလည်း မွေးထုတ်ပေးခဲ့တာဖြစ်သလို၊ အဆိုတော် အသစ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ City FM ဆုပေးပွဲကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ Project K ၊ ဖိုးသောကြာနဲ့ အားမန်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီ ဆုပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က