မတ်လ ၃ ရက်နေ့က အသတ်ခံလိုက်ရတာပါ။

မတ်လ ၃ ရက်နေ့က နေပြည်တော်မှာ ကွယ်လွန်ခဲ့တဲ့ တေးရေးဆရာ ကမ္ဘာရဲ့ ရုပ်အလောင်းကို ရန်ကုန်ကိုပြန်လည်သယ်ဆောင်လာမယ်လို့ သိရပါတယ်။ ထိုရုပ်အလောင်းရဲ့ ဆေးစစ်ချက် အဖြေကလည်း ထွက်လာပြီဖြစ်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေးကမ္ဘာရဲ့အလောင်း ဆေးစစ်ချက်ထွက်လာပြီလို့ တေးရေးဆရာ လဂွန်းအိမ်က အခုလို ပြောပြထားပါတယ်။ သေဆုံးသူ ကမ္ဘာရဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန်ကို ပြန်လည် သယ်ဆောင် လာမယ်လို့ သိရပါတယ်။



‘’ မှုခင်းဆရာဝန် ဆေးစစ်ချက်ထွက်လာပါပြီ။ တင်ပါးဆုံခါးရိုးကျိုးဟု သိရပါသည်။ ခါးနားမှ အပေါက်မှာ သေလောက်သည့် ဒဏ်ရာမဟုတ်ဟု သိရပါသည်။ တစ်ခုခု ဆူးမိခြင်းဖြစ်မည်ဟု ဆိုပါသည်။ ယာဉ်တိုက်မှု ဖြစ်မည်ဟု သိရပါသည်။ ဓားထိုးခံရ၊ လူသတ်ခံရဟု ထင်ရာမြင်ရာများ ရေးနေခြင်းဟာ သေဆုံးသူ၏ ဂုဏ်သိက္ခာကို ငဲ့ညှာခြင်းအားဖြင့် ပြင်ဆင်ပေးကြစေလိုပါသည်။ မိသားစုမှ ခန္ဓာကိုယ်အား ရန်ကုန်သို့ ပြန်လည်သယ်ဆောင်မည် ဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့်လည်း ပျဉ်းမနား နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဆုတောင်းခြင်း ပြုလုပ်ကြပါမည်’’ ဆိုပြီးတော့ လဂွန်းအိမ်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မတ်လ ၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ရေးသားခဲ့တာ တွေ့ရပါတယ်။

အဆိုတော် ဇွဲပြည့်ကလည်း တေးရေးကမ္ဘာနဲ့ ညီအစ်ကိုအရင်းလို ခင်မင်ရသူ တစ်ယောက်ပါ။ ဒါကြောင့် ဂီတညီအစ်ကို ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကို G-Latt တင်ထားတာကို တွေ့တယ်။ သူမြေကျတဲ့နေ့မှာလည်း လိုက်ပါပို့ဆောင်ဖို့ Emotral က လူတွေနဲ့ အစ်ကို တိုင်ပင်ပြီး လိုက်ပါပို့ဆောင်ဖို့ စီစဉ်နေပါတယ်။ အသတ်ခံရတာက ဝက်အူလှည့် လို ပုံစံမျိုးနဲ့ အထိုးခံရတာလို့လည်း ကြားတယ်။ အရမ်းစိတ်မကောင်းဖြစ်ရတယ် ’’ လို့ ဆိုပါတယ်။

နောက်ထပ်လည်း အသတ်ခံရသူ တေးရေး ကမ္ဘာ အတွက် အမှုမှန်ပေါ်ပေါက်စေနိုင်ဖို့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ ဇွဲပြည့်က ပြောပါတယ်။

‘’ ကို G-Latt နဲ့ တိုင်ပင်ပြီးတော့ လိုအပ်တာတွေကို ဆောင်ရွက်သွားမယ်။ ပြီးတော့ သူ့ အမေပေါ့နော် အန်တီလည်း ရှိသေးတာဆိုတော့ သူတို့ဖြစ်စေချင်တဲ့ အတိုင်း၊ သူတို့ ဆန္ဒအတိုင်း အစ်ကိုက ဘေးကနေဝိုင်းကူပေးသွားမှာပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။

အဲဒီနောက် တေးရေး လဂွမ်းအိမ်ကလည်း ညီအစ်ကိုအရင်းတစ်ယောက်လို ခင်မင်ရတဲ့ တေးရေး ကမ္ဘာအတွက် ခရစ်ယာန်ဘာသာဝင် တို့ရဲ့ ထုံးစံအရ ဆုတောင်းခြင်းအခမ်းအနားကို မတ်လ ၆ ရက်နေ့ မနက် ၁၀ နာရီမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

‘’ ခေါ်တော်မူခြင်းခံရသူ တေးရေး ကမ္ဘာအား အောက်မေ့ဖွယ်ဆုတောင်းခြင်းအစီအစဉ်ကို ၆-၃-၂၀၁၉ နံနက် ၁၀:၀၀ နာရီတွင်ပျဉ်းမနားမြန်မာနှစ်ခြင်းအသင်းတော်အထက (၁) ကျောင်းအနီးတွင် ကျင်းပပြုလုပ်ပါမည်။ အားလုံးကိုဖိတ်ကြားအပ်ပါသည်’’ ဆိုပြီးတော့ မတ်လ ၅ ရက်နေ့ ညနေ ၃ နာရီ ၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက်ရေးသားခဲ့တာ တွေ့ရပါတယ်။

တေးရေး ဆရာ ကမ္ဘာ မတ်လ(၃) ရက်နေ့ ညပိုင်းက နေပြည်တော်မှာ အသတ်ခံရလို့ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။ တေးရေးကမ္ဘာဟာ နာမည်ကြီး အဆိုတော်များအတွက် သီချင်းတွေ များစွာ ရေးပေးခဲ့သလို ဇွဲပြည့်ရဲ့ “အဝေးမိုင်”၊ “စာချွန်တော်”၊ သီချင်းများ အိမ့်ချစ်ရဲ့ “ထို့ကြောင့်ဝေးကြသည်”၊ အဆိုတော် G Latt သီဆိုထားတဲ့ မှားလား၊ ခဏတာ၊မြို့ပြလမ်းခွဲ၊ တို့ကို အကိုဖြစ်သူအတွက် ရေးပေးခဲ့သလို ထိုသီချင်းတွေဟာ ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သိချင်းများ ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က