FCPN ပရဟိတ အဖွဲ့ တစ်လပြည့်ပြီလို့ ဆိုပါတယ်။

ဇဏ်ခီကတော့ FCPN ပရဟိတအဖွဲ့ (၁) လပြည့် အထိ ငွေကျပ်(၈၄၁)သိန်း ၊ လူဦးရေ (၈၄၁၀) ဦးကို ကူညီပေးနိုင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Zen Kyi



သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဦးဆောင်တဲ့ FCPN ပရဟိတအဖွဲ့ဟာ ဇွန်လ(၈) ရက်နေ့မှာ တစ်လ ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။ ဒီ တစ်လ အတွင်းမှာ ငွေကျပ်(၈၄၁) သိန်း လှူဒါန်းပြီးခဲ့ပြီဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်ရတယ်လို့ ဇဏ်ခီက ဆိုပါတယ်။ 

" ဒီနေ့ဟာ FCPN ရဲ့ တစ်လပြည့်ပါ။ Yes! One month!! သိန်း(၅၀) နဲ့စခဲ့တဲ့ idea လေးကနေ အားလုံးပူးပေါင်းပါဝင်ပြီး အလှူကြီးတစ်ခုဖြစ်လာတာ အားလုံးအတွက် ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ (၈၄၁)သိန်း ကနေ သိန်း(၁၀၀၀) ထိရောက်သွားနိုင်မလားလို့ စိတ်ကူးမိတယ်။ လိုအပ်နေတဲ့သူတွေအများကြီးတွေ့လာတော့ ဆက်တိုက်လှူပေးချင်နေမိတယ်။ အလှူငွေတွေလည်းဆက်လက် လက်ခံနေပါတယ်။ တစ်ခါလှူတာအားမရလို့ အခေါက်ခေါက်အခါခါလှူချင်ရင်လည်း လှူနိုင်ပါတယ်နော် လို့ပြောရင်း ယုံယုံကြည်ကြည်နဲ့လှူနေတဲ့အလှူရှင်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပါရစေ။ ယုံကြည်မှုမရှိရင် စည်းလုံးမှုမရှိနိုင်ပါဘူး။ စည်းလုံးမှုမရှိရင် ဘာအလုပ်မှမဖြစ်မြောက်နိုင်ပါဘူး။ I’m so proud of this program #fcpn and I’m so proud of all of you!!!" ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ ည ၉နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Zen Kyi

FCPN Facebook Page မှာလည်း အလှူတွေ လုပ်ခဲ့တဲ့ တစ်လ အတွင်းမှာ လူဦးရေ (၈၄၁၀) ဦးကို လှူဒါန်းပြီးခဲ့ပြီဖြစ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ FCPN Program ကိုတော့ ၂၀၂၀ ခုနှစ် မေလ အတွင်းမှာပဲ စတင်တည်ထောင်ခဲ့တာ တွေ့ရပါတယ်။ ဒီအစီအစဉ် ကနေ တဆင့် တကယ်လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေမှာ လိုအပ်နေတဲ့ သူတွေကို အဖွဲ့သားတွေကိုယ်တိုင်က သွားရောက် လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက FCPN Page ကနေတဆင့် ဗီဒီယိုဖိုင်လေးနဲ့ ပြောပြထားတာ တွေ့ရပါတယ်။ အလှူငွေများ ဝိုင်းဝန်းကောက်ခံခြင်း နဲ့ အလှူငွေ စာရင်းများကိုလည်း FCPN Facebook Page ကနေ အမြဲတမ်း တင်ပြပေးနေတယ်လို့လည်း သူက ဆိုပါတယ်။ 

Photo: Zen Kyi

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နဲ့ အတူ FCPN ပရဟိတအဖွဲ့သားတွေဟာ ရန်ကုန်တိုင်း အတွင်းရှိ စားနပ်ရိက္ခာ နဲ့ ငွေကြေးထောက်ပံ့မှုလိုအပ်တဲ့ နေရာဒေသတွေတင်မက နယ်မြို့လေးတွေမှာ အမှန်တကယ် လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေ အထိ လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက ဆိုပါတယ်။သူတို့ ဇနီးမောင်နှံဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေအတွက် ဧပြီလ အတွင်းက We Love Yangon ကနေတဆင့် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo: Zen Kyi

FCPN ပရဟိတအဖွဲ့သားတွေနဲ့ အတူ ကိုယ်တိုင်ကိုယ်ကျ အလှူအတန်းတွေ လုပ်နေတဲ့ သရုပ်ဆောင် ဒါရိုက်တာဇဏ်ခီကိုတော့ ' ဥပါယ်တံမျဉ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ' မုဒြာရဲ့ ခေါ်သံ' ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ လည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက် ရုပ်ရှင်ကားကြီး အနေနဲ့ ' Now & Ever' ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်သလို ပရိသတ်အားပေးမှုတွေလည်း ပိုလို့ရရှိခဲ့ပြန်ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က