အဆိုတော် စဖြစ်တုန်းက သီချင်းလေးတွေကို ပြန်ဆိုမှာပါ။

လွှမ်းပိုင်ကတော့ ဂီတအလုပ်တွေ စလုပ်တုန်းက ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ သီချင်းတွေကို ပုံစံအသစ်ပြောင်းပြီး သီဆိုသွားမယ်လို့ ပြောပါတယ်။ 

Photo: Hlwan Paing



လွှမ်းပိုင်က သူ့ရဲ့ သီချင်းဟောင်းလေးတွေထဲက ပရိသတ် အကြိုက်နဲ့ ထပ်တူကျမယ့် သီချင်းလေး တွေကို ပြန်လည် သီဆိုသွားမယ်လို့ ပြောပါတယ်။ သူ ကိုယ်တိုင် ကြိုက်ခဲ့တဲ့ သီချင်းဟောင်း လေးတွေလည်း ပါဝင်မှာပါတဲ့။ 

" အားလုံးကို ကျွန်တော် စီစဉ်ထားတဲ့ Program လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် ဂီတလောကမှာရှိလာတာအခုဆိုအချိန်အတိုင်းတာအားဖြင့် ၁၀ နှစ်ကျော်အချိန်တခုတောင်ဖြစ်လို့လာခဲ့ပါပြီ (ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်)။ ဒီ ၁၀ နှစ်ကျော်အတွင်းမှာ သီချင်းတွေအများကြီးဖန်တီးခဲ့သလို ပရိတ်သတ်တွေရင်ထဲမှာကျန်ရှိနေသေးတဲ့သီချင်းတချို့တွေရှိနေသေးလို့လဲကျေးဇူးတင်ပါတယ်။ ကျွန်တော် စဉ်းစားထားတဲ့ Program လေးကတော့ကျွန်တော်ကြိုက်နှစ်သက်ခဲ့ရတဲ့သီချင်းဟောင်းတွေကို ပြန်လည်အမှတ်တရအနေနဲ့ Acoustic Version ပြန်ထုတ်ဖို့စဉ်းစားမိပါတယ်" ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ ၄ နာရီခန့်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

အဲဒီနောက် လွှမ်းပိုင်ဟာ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီက " ၁၀၀ တန်" ဆိုတဲ့ သီချင်းကို ပရိသတ်တွေ နားဆင်ဖို့ ဂစ်တာ လေးနဲ့ သီဆိုဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။ ပုံစံအသစ်လေး ပြောင်းဆိုထားတဲ့ "၁၀၀ တန်" သီချင်းကို အားပေးနားဆင်ခဲ့ကြတဲ့ ပရိသတ်တွေလည်း (၅၅၈၀၀၀) ကျော်ရှိခဲ့ပါတယ်။ လွှမ်းပိုင်ရဲ့ သီချင်းဟောင်းလေး တွေထဲက အကြိုက်ဆုံး သီချင်းလေးတွေကိုလည်း ပရိသတ်တွေ ပြောပြစေချင်တယ်လို့ သူက ဆက်လက် ရေးသားခဲ့ပြန်ပါသေးတယ်။ 

Photo: Hlwan Paing

လွှမ်းပိုင်ကို ပျော်စရာကြီး(၂) သီချင်းအခွေထဲက ‘’ခုန်လိုက်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်အား ပေးမှုရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Bobby Soxer နဲ့ အတူ " ဒုံးပျံ" ဆိုတဲ့ အတွဲအခွေ ထွက်ခဲ့ပါတယ်။ လွှမ်းပိုင်ရဲ့ တစ်ကိုယ်တော် အခွေတွေဖြစ်တဲ့ ‘’ဂီတစာဆို လွှမ်းပိုင်’’ အခွေနဲ့ ‘’ဂီတဗေဒ’’ အခွေတွေကလည်း အောင်မြင်မှု ရရှိခဲ့ပါတယ်။ သူဟာ ဂီတလောကမှာ အောင်မြင်ရုံသာမက သရုပ်ဆောင်ဘက်မှာလည်း တော်တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ သရုပ်ဆောင်ခင်ဝင့်ဝါကိုယ်တိုင်က Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်။ 

အခုဆိုရင်တော့ ရုပ်ရှင်ရိုက်ကူးရေးဘက်ကိုပါ ခြေလှမ်းလာပြီဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်က ရုပ်ရှင်ဇာတ်ကားကြီးတွေ အပြင် ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ " ငါ့ကို နမ်းတဲ့ မုန်တိုင်း" ၊ " ကိုယ်စောင့်နတ်" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်းရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ လွှမ်းပိုင်ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ဂီတအလုပ်တွေမှာရော၊ သရုပ်ဆောင် အလုပ်တွေဘက်ကိုပါ အားပေးလာကြတာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က