သီချင်းအသစ်လေးတွေ ရေးနေတယ်လို့ဆိုပါတယ်။

အဆိုတော် ဆိုတေးကတော့ Stay Home ကာလမှာ အလွမ်းသီချင်းလေးတွေရေးရင်း ပရိသတ်တွေကို သတိရတဲ့အကြောင်း ပြောလာပါတယ်။ 

Photo: So Tay



ဆိုတေးကတော့ အိမ်မှာနေတဲ့ အချိန်မှာ သီချင်းဆိုဖြစ်တိုင်း ပရိသတ်တွေကို သတိရတယ်လို့ ဆိုပါတယ်။ သူချစ်ရတဲ့ ပရိသတ်တွေကျန်းမာရေးကောင်းရဲ့လားလို့လည်း စိတ်ပူမိတယ်လို့ Duwun ကနေပြောလာပါတယ်။ 

“ ကျွန်တော့် ပရိသတ်တွေကို ကျွန်တော် သတိရတယ်။ တစ်ခါတလေကျရင် သူတို့ နေကောင်းကြရဲ့လား စဉ်းစားမိတယ်။ ရန်ကုန်က ပရိသတ်တွေရော၊ နယ်က ပရိသတ်တွေကိုရော ကျွန်တော် သတိရတယ်။ ကျွန်တော် အိမ်မှာဆို ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သီချင်းဆိုနေမိရင် ဒီအချိန်မှာ ဒီသီချင်းကို ငါ့ပရိသတ်တွေနဲ့ အတူတူဆိုနေကြ ဆိုပြီးတော့ ပြန်စဉ်းစားမိတယ်” လို့ ရယ်ရယ်မောမော ပြောပြလာပါတယ်။ 

Photo: So Tay

လက်ရှိမှာတော့ အဆိုတော် ဆိုတေးဟာ သီချင်းအခွေအသစ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အချစ် သီချင်းလေးတွေ ပါဝင်သွားမယ်လို့လည်း သူကပြောပါတယ်။ 

“ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော်နဲ့ အတွဲ သီချင်း အသစ်လေးတွေလုပ်ဖြစ်မယ်။ ညီအစ်ကို နှစ်ယောက်စလုံးရဲ့ သီချင်းပုံစံလေးတွေက တူတယ်ဆိုပေမယ့် ကွဲပြားတယ်။ သီချင်းလေးတွေက ချိုချိုအေးအေး ပေါ့(ပ်) သီချင်းလေးတွေပါပဲ။ သီချင်းကတော့ နှစ်ယောက်စလုံး လုပ်တော့ လုပ်နေကြတယ်။ ဘယ်တော့ ထွက်မလဲ မသိသေးတာပေါ့နော်” လို့ သူက ဆိုပါတယ်။ 

Photo: So Tay

ဆိုတေးကတော့ အလွမ်းသီချင်းလေးတွေ ပိုရေးဖြစ်တယ်လို့ပြောပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးကိုလည်း သေသေချာချာ ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ 

“ လွမ်းတဲ့ သီချင်းတွေ ရေးဖြစ်တယ်။ ဘာကို လွမ်းလို့ လွမ်းမှန်း မသိဘူး။ ကျွန်တော်လည်း လွမ်းတော့ လွမ်းရှာတယ်။ ပရိသတ်တွေကိုလည်း လွမ်းတယ်၊ ချစ်တဲ့သူတွေကိုလည်း လွမ်းတယ်။ ဒါပေမယ့် ပရိသတ်တွေနဲ့ ပြန်တွေ့တဲ့အခါကျရင် သီချင်းတွေ ကောင်းကောင်းပြန်ဆိုနိုင်ဖို့ အခုချိန်မှာ ကျန်းမာရေးကို ဂရုစိုက်နေတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: So Tay

ဆိုတေးကိုတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’မီးအိမ်ရှင်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေ ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်လည်း အများကြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မင်္ဂလာပါ’’ အခွေကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အက်ဆီးဒင့်ဖြစ်ခဲ့တာကြောင့် ဂီတလောကနဲ့ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာတာ ဖြစ်ပြီး ဂီတအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ တတိယမြောက် တစ်ကိုယ်တော် အခွေ ထွက်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က