လူးလူးစိန် ဇာတ်ကောင်အတွက်ပါတဲ့။

စိုးပြည့်သဇင်က လူးလူးစိန် ကာရိုက်တာအတွက် ကြိုတင်လေ့လာသင်ကြားမှုတွေ လုပ်နေတာကို တွေ့ရပါတယ်။ သူမက ဒီဇာတ်ကားထဲမှာ ဆံပင်ညှပ်၊ ခေါင်းလျှော်တဲ့ အလုပ်ကို လုပ်ကိုင်ရမယ့် ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။



သရုပ်ဆောင် စိုးပြည့်သဇင်က မကြာခင် ရိုက်ကူးသွားမယ့် ‘’လူးလူးစိန်’’ ရုပ်သံဇာတ်လမ်းတွဲက ကာရိုက်တာအတွက် ဆံပင်ညှပ်တာ၊ ခေါင်းလျှော်တာတွေ သင်ယူနေတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲ ထဲမှာ သူ့ရဲ့ ကာရိုက်တာလေးက လူးလူးစိန် ဆိုတဲ့ ကောင်မလေးပါ။

‘’လူးလူးစိန်ဖြစ်ဖို့ လေ့ကျင့်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ကာရိုက်တာ ပီပြင်ဖို့ အတွက် ဆံပင်ညှပ်တာ၊ ခေါင်းလျှော်ပေးတာကိုလည်း သင်ယူနေတဲ့ အမှတ်တရ ပုံလေးတွေကို တင်ခဲ့ပါသေးတယ်။ ‘’လူးလူးစိန်’’ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကိုလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်က ရွှေတိဂုံစေတီတော်ကြီးရဲ့ အောင်မြေမှာ ပြုလုပ်ခဲ့တာပါ။ ဒီဇာတ်ကားကို အောင်ပြေ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။


‘’ လူးလူးစိန်’’ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်သြဘာ က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် ကျော်ကျော်၊ သူရထူး၊ စိုးပြည့်သဇင် နဲ့ မေဘရဏီသော် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မတ်လ အတွင်း ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။


အသက်(၂၅)နှစ်ရှိ အနုပညာရှင်မလေး စိုးပြည့်သဇင်က အသက်(၁၈)နှစ်အရွယ်မှာ "မိုးညအိပ်မက်ဖြူ" ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။


စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။



က္က