သူမ ရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။
Sabal Thwin

ဂွမ်းပုံလေးဟာ ဦးကျော်ဟိန်း၊ ဦးမန်းဝင်း တို့နဲ့ အနုပညာအလုပ်တွေ အတူတူ လုပ်ခဲ့ဖူးတဲ့ အကြောင်းပြောလာပါတယ်။ 

ဇာတ်ပို့သရုပ်ဆောင် ဂွမ်းပုံလေးဟာ အနုပညာအလုပ်တွေ အတူတွဲ လုပ်ခဲ့ဖူးတဲ့ ဦးကျော်ဟိန်း အတွက် စိတ်မကောင်းဖြစ်သလို နှမြောတသ မိတယ်လို့ သူကဆိုပါတယ်။ သရုပ်ဆောင် ကျော်ဟိန်းကတော့ ဇူလိုင် (၁၁) ရက်နေ့က သြစတေးလျနိုင်ငံ ကမ်ဘာရာမြို့မှာ ကွယ်လွန်ခဲ့တာပါ။ 

" အခုဆိုရင် မဂွမ်းတို့ အနုပညာလောကသားတွေ အားကျရတဲ့ ဥူးဇင်းဝတ် နဲ့ ပျံလွန်တော် မူသွားတဲ့ ဦးကျော်ဟိန်း အတွက် စိတ်မကောင်းဖြစ်ရတယ်။ သူ နဲ့လည်း ဇာတ်ကားတွေ အများကြီး တွဲရိုက်ခဲ့ဖူးတယ်။ အရမ်းကို နှမြောမိပါတယ်။ Covid ကာလကြီး ဖြစ်တာကြောင့် နောက်ထပ် ရောဂါတွေလည်း မဝင်အောင် အစား စားတာ ဂရုစိုက်ကြပါ၊ တချို့ဆို သွေးတက်စာတွေ အရမ်းစားလေ့ရှိတော့လေ။ ကျန်းမာရေးကို ဂရုစိုက်စေချင်တယ်" လို့ ဆိုပါတယ်။ 

Photo: Man Win

အဲဒီနောက် ဂွမ်းပုံလေးက ဟာသသရုပ်ဆောင် အနေနဲ့ မန်းဝင်းနဲ့လည်း ဇာတ်ကားတွေ အတူတူ ရိုက်ခဲ့ဖူးသူ တစ်ယောက်ပါ။ ဦးမန်းဝင်းရဲ့ နောက်ဆုံး ခရီးကို မလိုက်ပို့ခဲ့ရလို့ စိတ်မကောင်းဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။ 

" လေးလေး ဦးမန်းဝင်း ဆိုလည်း အသုဘကိုတောင် လိုက်မပို့ခဲ့ရဘူး။ အခု မဂွမ်း ကြော်ငြာတွေ ရိုက်ပြီးသွားရင် ဦးမန်းဝင်း အိမ်ကို သွားပြီး အစ်မကို သွား အားပေးလိုက်ပါဦးမယ်။ အနုပညာရှင်တွေ အခုလို ဆုံးပါးသွားတာကိုလည်း အရမ်းစိတ်မကောင်း ဖြစ်မိတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် ဦးမန်းဝင်းကတော့ ဇူလိုင်(၁၃) ရက်နေ့က ကွယ်လွန်တာ ဖြစ်ပြီး ဇူလိုင်(၁၅) ရက်နေ့က ကျီစုသုဿာန်မှာ မီးသဂြိုဟ်ခဲ့တာဖြစ်ပါတယ်။ 

Photo: Myat Thaw

ဂွမ်းပုံလေးဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် "ဤအရာကိုအချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က