မကြာခင် ပထမဆုံးရုပ်ရှင်ကားကြီးကို ရိုက်ကူူးတော့မှာပါ။

ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခု စတင်တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုနဲ့ အောင်မြင့်မြတ် တို့ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကို ပထမခြေလှမ်းအနေနဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Photo: RBV



ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီး ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေးတစ်ခု ဖြစ်တဲ့ Fatty Gangster Production ကို ထူထောင်လိုက်ပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း ရုပ်ရှင်ကားကြီးရိုက်ကူးတော့မယ်လို့ သိရပါတယ်။

‘’ဦးရေခဲနဲ့ဒေါ်သုတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ပထမဦးဆုံး ရိုက်ကူးမဲ့ရုပ်ရှင်ဇာတ်ကားကြီး။ ဦးရေခဲကိုယ်တိုင်ပေးထားတဲ့ ထုတ်လုပ်ရေးနာမည်လေးက အသက်..’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ရေးသားခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမ ခြေလှမ်းအတွက် ပရိသတ်တွေကလည်း ဂုဏ်ယူဝမ်းမြောက်မိတဲ့အကြောင်းတွေကို Comment ကနေတဆင့်ရေးသားခဲ့ကြပါတယ်။

Photo: Amazing GRace

ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့နာမည်ကိုတော့ အတည်တကျမှည့်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်တွေကတော့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ပိုင်ဖြိုးသု နဲ့ အောင်မြင့်မြတ် တို့က ပါဝင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဏကြီး ကိုယ်တိုင် ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ ပိုင်ဖြိုးသုဟာ မိခင်ဖြစ်သူပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးထားပါသေးတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုကတော့ လက်ရှိမှာ New York Film Academy မှာ ကျောင်းတက်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျောင်းကပြန်လာပြီးတဲ့နောက်မှာတော့ အလုပ်နဲ့ ပတ်သက်ပြီး စနစ်တကျသိလာတယ်လို့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးက ပြောပါတယ်။

‘’ အမှန်အတိုင်းပြောရရင် အစကတည်းကတော့ သူက အလုပ်လုပ်တတ်ပြီးသားပေါ့နော်။ ဒါပေမယ့် အခုကတော့ စနစ်တကျ သူ အကုန်သိသွားပြီ။ ကာရိုက်တာ တည်ဆောက်တာတွေဆိုရင်လည်း နာမည်နဲ့ တွဲသိသွားပြီ။ အားလုံးကိုလည်း သေသေချာချာ စနစ်တကျသိသွားပြီပေါ့’’ လို့ သူကဆိုပါတယ်။

Photo: RBV

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးဟာ အောင်မြင်မှုရရှိနေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို ပိုင်ဖြိုးသုကလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က