Sabal Thwin

လွင်မိုးရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် ၂၇ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့စဉ်က သင်ကြားပြသပေးခဲ့တဲ့ ဆရာတွေကို သတိရမိတဲ့အကြောင်းတွေ သူက ပြောပြလာပါတယ်။

Photo: Lwin Moe

သရုပ်ဆောင်လွင်မိုးက သူအနုပညာအလုပ်တွေ လုပ်ခဲ့စဉ်က သင်ကြားပြသပေးခဲ့တဲ့ ဆရာ(ဒါရိုက်တာ)တွေကို သတိရလို့နေပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ အဖြူအမဲရုပ်ရှင်ခေတ်ကတည်းက အောင်မြင်လာကြတဲ့ ဒါရိုက်တာကြီးတွေဆိုလည်း မမှားပါဘူး။

‘’ရုပ်ရှင်လောကအတွင်း ကွယ်လွန်ခဲ့ပြီဖြစ်ကြသော ကျွန်တော်နဲ့တွေ့ဆုံခဲ့ဖူးသော ဆရာတွေကို သတိရလို့ မောင်ဝဏ္ဏ ( လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်တို့ ရဲ့ ‘’ရင်ထဲက ဆောင်းရာသီ’’ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးပေးခဲ့သူဖြစ်ပါတယ်)။ မောင်တင်ဦး (နေထွက်သောည၊ တစ်ခါက တစ်ဘဝ၊ သင်္ကြန်မိုး၊ တိုက်ပွဲခေါ်သံ၊ နှလုံးလှလူမိုက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေကို ရရှိခဲ့သူပါ)၊ ဦးကြီးမြင့်၊ ဦးနန္ဒ၊ မြန်အောင်မြစိန် ၊မောင်ပြည့်ဝ(မန်းတက္ကသိုလ်)၊ စိုးဝင်း(ဂျပန်ပြန်)၊ ဦးတင်ယု(မိုးကုတ်စက်ဝိုင်းကြီးကြပ်)၊ နောင်ထွန်းလွင်၊ စိုးသိမ်းထွဋ်၊ ကိုစန်းအောင်(88)’’ လို့ အစပျိုးရင်း ဇူလိုင်လ ၃၁ ရက်နေ့ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။



Photo: Lwin Moe

အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေ အတူတူရိုက်ကူးခဲ့ရဖူးတဲ့ ဒါရိုက်တာတွေကိုလည်း လွင်မိုးက သတိရတဲ့အကြောင်းတွေ ဆက်လက် ပြောပြခဲ့ပါတယ်။ သတိရမိတဲ့ ဆရာ စုစုပေါင်း ၂၆ ယောက်ရှိပါတယ်။

‘’Video...ဖြစ်၊ မောင်နီလွင်(သပြု)၊ မြင့်စိုး(ဝ/သ)၊ A1 မောင်လှမျိုး၊ မောင်စိမ်းအောင်(၁၉၈ဝ ခုနှစ်က မှတစ်ပါးအခြားမရှိ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်ပို့ဆုကိုလည်းရရှိခဲ့ပါသေးတယ်။)၊ ဦးမင်းနိုင်၊ ကိုဒေါန၊ ဦးသန်းဖေလေး(ဒါရိုက်တာတစ်ယောက်အဖြစ်သာမက သရုပ်ဆောင်၊ အဆိုတော်ဘက်မှာလည်း အရမ်းကို ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်)၊ ကိုပိုင်သ၊ ကိုအောင်မင်းသိမ်း(ရုပ်ရှင်ဇာတ်ကားတွေသာမက သီချင်းဗီဒီယိုတွေကိုပါ ရိုက်ကူးခဲ့ဖူးတဲ့ ဒါရိုက်တာ တစ်ယောက်ပါ)၊ ဦးတင်သန်းဦး၊ ဝေမှိုင်းညို၊ ရဲဝန်ထမ်းဟောင်းတစ်ဦး၊ ကိုကုသိုလ်( ဟာသသရုပ်ဆောင် တစ်ယောက်နဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူတစ်ယောက်ပါ။ ဇာတ်ညွှန်းတွေလည်းရေးသလို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ဗီဒီယိုဇာတ်ကားများကို လည်း ရိုက်ကူးခဲ့သူပါ)၊ ဗိုလ်ကြီးသက်တင်၊ ကွယ်လွန်ခဲ့ပြီဖြစ်သော..ဒါရိုက်တာ..၂၅..ဦး... သတိရ.. အောက်မေ့ခြင်းများစွာ နဲ့ လွင်မိုး’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။

အဲဒီနောက် သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာကလည်း လွင်မိုးရဲ့ ပို့စ်အောက်မှာ ‘’ကျန်သေးလား ပြန်စဉ်းစားပါဦး’’ ဆိုပြီးတော့ Comment လာပေးတဲ့အချိန်မှာ လွင်မိုးက ‘’ဦးဇာဂနာ တစ်ယောက်ကျန်နေတယ် ၂၆ ယောက်ဖြစ်ရမှာ’’ လို့ ဆိုပါတယ်။

Photo: Lwin Moe

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ သူဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က