ကျွန်တော်တို့ တိုင်းပြည် လုံခြုံမှုမရှိသလိုပါပဲ။
Sabal Thwin

နိုင်းနိုင်းက သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်တဲ့ သတင်းတွေအပေါ်မှာ အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူနဲ့အတူ အနုပညာရှင်များစွာတို့ကလည်း စိတ်မကောင်းဖြစ်နေကြတာပါ။

Photo: Nine Nine

လတ်တလော လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တွေ့နေရတဲ့ သက်ငယ်မုဒိမ်း သတင်းတွေနဲ့ ပတ်သက်ပြီး နိုင်းနိုင်းက စိတ်မကောင်းဖြစ်လို့နေပါတယ်။ တိုင်းပြည်က လုံခြုံမှုမရှိဘူးလို့လည်း ခံစားရတယ်လို့ ဆိုပါတယ်။

‘’အခုတလော ကြားရတဲ့သတင်းတွေ ရင်ထဲကိုဆို့ပြီး တကယ်ခံစားရပါတယ်။ ကျွန်တော်တို့တိုင်းပြည် လုံခြုံမှုမရှိသလိုပါပဲ။ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် မသမာမှု ဒုစရိုက်ဆိုတာရှိကြစမြဲပါ၊ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုဘဝ လုံခြုံမှုအတွက် အကာအကွယ်ပေးဖို့ ရဲဝန်ထမ်းတွေရှိကြပါတယ်။ တစ်ခုခုဖြစ်ပြီဆို ဘယ်သူ့ကိုတိုင်တန်းပြီး၊ ဘယ်သူ့ကို အားကိုးရမလဲဆိုတာ မသိတော့အောင်ကို ဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်ပြောချင်တာက အတတ်နိုင်ဆုံး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ကလေးများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်စောင့်ရှောက်ကြပါစို့ #Actor99’’ ဆိုပြီးတော့ ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Nine Nine

သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တော်တော်များများက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း Justice For Victoria ဆိုတဲ့ Facebook Profile လေးတွေ တင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ဒီကိစ္စအတွက် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်လင်းလင်း က ပါဝင်ကူညီဆောင်ရွက်နေပါတယ်။

Photo: Nine Nine

နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်တာဖြစ်ပါတယ်။ အခုဆိုရင်လည်း အနုပညာအလုပ်တွေ ခဏနားထားတာကြောင့် မိသားစုတွေဆီပြန်ရောက်နေတာပါ။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအပြင်၊ နောက်ထပ် အနုပညာနဲ့ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

Photo: Nine Nine

နိုင်းနိုင်းတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က