မိန်းမ ကျော်ဟိန်းလို့တောင် တင်စားခံခဲ့ရဖူးတယ်။

ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ပျံလွန်တော် မူသွားပြီဖြစ်တာကြောင့် သားတပည့် အနုပညာရှင်များစွာတို့က စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: Moht Moht Myint Aung



 အနုပညာလောကမှာ နေရာ တစ်နေရာ ရအောင် သွန်သင်ပေးခဲ့တဲ့ ဆရာ တစ်ဦးကို ဒီနေ့မှာ ဆုံးရှုံးလိုက်ရလို့ အကယ်ဒမီ မို့မို့မြင့်အောင်ဟာ အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။သရုပ်ဆောင် ကျော်ဟိန်းဟာ သူမအတွက် လမ်းပြကြယ်ကြီးတစ်လုံးပါလို့ ဆိုထားပါသေးတယ်။

" မို့ဆရာ ဆုံးပြီတဲ့ ... ကျောင်းသူဘဝ ကနေ သရုပ်ဆောင်မို့မို့မြင့်အောင် ဖြစ်အောင် အနုပညာတွေတတ်အောင်သင်ပေးတဲ့ ခွန်အားတွေပေးတဲ့လမ်းပြကြယ်ကြီးပါ။ မို့အတွက်ဆုံးရှုံးမှုအကြီးကြီးပါဘဲ။ မို့အနုပညာမှာဈေးကွက်ပြောရင် မိန်းမကျော်ဟိန်းလို့ တင်စားခံရပါတယ်။ မို့ ဆရာတွေမရှိတော့ဘူး။ ဆရာမောင်တင်ဦးလဲဆုံးပြီ၊ ခု ဆရာဘုန်းဘုန်းကြီး ကျော်ဟိန်းလဲဆုံးပြီ။ မို့ ခံစားလိုက်ရတာ ။ဆုံးရှုံးလိုက်ရတာ။ မို့နဲ့ကားရိုက်ရင်ငိုတဲ့အခန်းပါရင် မို့ကမျက်ရည်အစစ်နဲ့ငိုတော့နှပ်တွေထွက်လို့နှပ်ညစ်ရင်ကျေနပ်တဲ့အပြုံးနဲ့အရမ်းကောင်းနို့ဆီတွေရမယ်ဆိုပြီးစ စ တတ်တဲ့အသံကိုကြားနေတုန်းပါ" ဆိုပြီးတော့ ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Moht Moht Myint Aung

သရုပ်ဆောင် ကျော်ဟိန်း ဘုန်းကြီးဝတ်သွားတဲ့ အချိန်မှာလည်း သရုပ်ဆောင် မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင် နဲ့ ခိုင်သင်းကြည်တို့ကလည်း သွားရောက်ဖူးမြှော်ခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံလေးကို မို့မို့မြင့်အောင်က တင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူမကို ဆုံးမ စကားပြောပေးခဲ့တာတွေကိုလည်း ပြန်လည် ပြောပြခဲ့ပြန်ပါသေးတယ်။

 " ဘုန်းကြီးဝတ်နဲ့နောက်ဆုံးဘုန်းဘုန်းကြီးဘဝနဲ့တွေ့ရတော့တွေ့တွေ့ချင်း သမီးအနုပညာတွေလောဘ မကြီးနဲ့နော်လို့ဆူမယ်အောင့်မေ့တာ သမီးမို့မို့ အနုပညာတွေရပ်မပြစ်ရနော်။ ဆက်လုပ်ရမယ်လို့ သတိတွေ၊ တွန်းအားတွေအများကြီးနဲ့ ပြောတာ မို့ တအံ့တသြဖြစ်ရပါတယ်။ အဲဒီတုန်းကလည်းတဝကြီးငိုခဲ့ရသေးတယ် ။အခုလည်းတဝကြီးငိုပါရစေ" ဆိုပြီးတော့ အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။ 

Photo: Moht Moht Myint Aung

ကျော်ဟိန်း နဲ့ မို့မို့မြင့်အောင်တို့ဟာ ၁၉၈၉ ခုနှစ် နဲ့ ၁၉၉၄ ခုနှစ်တွေတုန်းက တုန်းက ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆုတွေ အတူတူ ရခဲ့ဖူးပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကျော်ဟိန်းက ပန်းမြိုင်လယ်က ဥယျာဉ်မှူး ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ရခဲ့သလို မို့မို့မြင့်အောင်ကလည်း ခပ်စိမ်းစိမ်းနေပါမယ် ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ကျော်ဟိန်းက " ဝေလည်းမွှေး ကြွေလည်းမွှေး" ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရခဲ့သလို မို့မို့မြင့်အောင်ကတော့ "မသုဓမ္မစာရီ" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲပါတယ်။ ကျော်ဟိန်းနဲ့ မို့မို့မြင့်အောင် တို့ နှစ်ဦး ပါဝင်သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာကတော့ " မွန်းတည့်ချိန်တွင် နေဝင်သည်" ၊ " ညီမကို ပြောလိုက်ပါ" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေက ပရိသတ်ကြားမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

Photo: Moht Moht Myint Aung

ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ကတော့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ မနက် ၉ နာရီ ၂၇ မိနစ်က သြစတေးလျနိုင်ငံ ကမ်ဘာရာ မြို့မှာ ပျံလွန်တော် မူသွားခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ဟာ ဥူးဇင်းရဲ့ မွေးလ ဖြစ်သလို ဇူလိုင်(၁၄) ရက်နေ့ကတော့ ဥူးဇင်းရဲ့ မွေးနေ့ ရက်မြတ် ဖြစ်ပြီး သက်တော် (၇၃) နှစ်ပြည့်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိသားစုဝင်တွေ နဲ့ အတူ ပရိသတ်များစွာတို့က စိတ်မကောင်း ဖြစ်တဲ့ အကြောင်းတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြတာ တွေ့ရပါတယ်။ အမှတ်တရ အနေနဲ့ ဇူလိုင်(၁၁) ရက်နေ့ဟာ ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ရဲ့ တူ ဖြစ်သူ သရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်တာ (၁၃) နှစ်ပြည့် ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က