ဇဝန မီဒီယာ အဖွဲ့သားတွေလည်း ပါဝင်ပါတယ်။

ခင်လှိုင်နဲ့ အတူ တက္ကသိုလ်ဂွမ်းပုံလေးတို့ပါဝင်တဲ့ ဇဝန မီဒီယာအဖွဲ့သားတွေက လူရွှင်တော်ဥသြအတွက် ကျန်းမာရေးထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ တစ်လကို တစ်ယောက်နှုန်းနဲ့ မဲနှိုက်ရွေးချယ်ပြီး လှူဒါန်းသွားပါမယ်တဲ့။

Photo: Khin Hlaing



ဟာသလူရွှင်တော်၊ သရုပ်ဆောင် ခင်လှိုင်တည်ထောင်ထားတဲ့ ဇဝနမီဒီယာကနေ ပထမဆုံး ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းခွင့်ရခဲ့တဲ့ သက်ကြီးလူရွှင်တော်ကတော့ ဦး ဥသြဖြစ်ပါတယ်။ ဒီအတွက် ခင်လှိုင်က ပရိသတ်ကို အသိပေးပြောပြထားတာ တွေ့ရပါတယ်။

‘’ကျွန်တော်တို့ရဲ့ ဇဝန ဖေါင်ဒေးရှင်း သက်ကြီးဟာသပညာရှင်ကျန်းမာရေး စောင့်ရှောက်မှု အလှူ အတွက် ပထမဆုံးမဲပေါက်သော ဟာသလူရွှင်တော်ကြီး ဦးဥသြ ရန်ကုန်ကို ဒီနေ့သွားပြီးလှုဒါန်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့နှင်အတူ ပါဝင်လှုဒါန်းခဲ့သော အလှုဒါယိကာအပေါင်းကိုလဲ ကျေးဇူးအထူးတင်ပါတယ် နောက်လများမှာလဲ ပါဝင်လှုဒါန်းနိုင်ကြပါစေခင်ဗျာ သာဓု သာဓု သာဓု’’ ဆိုပြီးတော့ မတ်လ ၅ ရက်နေ့ နေ့လယ် ၁ နာရီ ၂၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Khin Hlaing

ခင်လှိုင်ဟာ ဇဝနမီဒီယာ တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီ မီဒီယာကနေတဆင့် သက်ကြီး ဟာသသရုပ်ဆောင်၊ လူရွှင်တော်တွေရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ငွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

‘’ဇဝနမီဒီယာဆိုပြီးတော့ လုပ်တယ်။ ဇဝနဆိုတာ ဟာသဉာဏ်လို့ခေါ်တယ်။ စင်ပေါ်မှာကတဲ့ ဟာသညီအစ်ကိုတွေပဲ မဟုတ်ဘူး ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေလည်း ပါဝင်မှာပါ။ ဟာသဇာတ်ညွှန်းရေးတဲ့ သူတွေလည်း ပါဝင်မှာပေါ့။ ဒီမီဒီယာကနေ အသက်ကြီးပြီးတော့ နာမကျန်းဖြစ်နေတဲ့သူတွေ၊ အနုပညာအလုပ် မလုပ်နိုင်တော့တဲ့ သူတွေကိုအဓိက ရည်ရွယ်ပြီးတော့ တစ်လကို အယောက် ၁ ယောက်နှုန်း နဲ့ လှူသွားမယ်’’ လို့ သူကဆိုပါတယ်။

Photo: Khin Hlaing

ခင်လှိုင်ဟာ ကျန်းမာရေးမကောင်းဖြစ်လို့ အလုပ်တွေ ဆက်မလုပ်နိုင်တော့တဲ့ သက်ကြီး လူရွှင်တော်ကြီးတွေကို တစ်လ တစ်ယောက်နှုန်းနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ လှူချင်သူများလည်း ဆက်လက်လှူဒါန်းနိုင်တယ်လို့ ‘’ဟီးရိုး’’ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့ပါတယ်။

‘’တစ်လ ကို တစ်ယောက်နှုန်းနဲ့ မဲနှိုက်ပြီးရွေးမယ်။ မဲပေါက်သွားတဲ့သူကို ကျွန်တော်တို့ မီဒီယာက ၁ သိန်း၊ ကျွန်တော်က ၁ သိန်း၊ ကျန်တဲ့ အလှူရှင်တွေကလည်း လှမ်းလှူချင် လှူလို့ရတယ်။ တခြား လူရွှင်တော် တွေကလည်း ကိုယ်တိုင် လိုက်လှူချင်လည်း ရတယ်၊ ပြီးတော့ သူ့အတွက် ဘဏ်အကောင့်လည်း ဖွင့်ပေးထားမယ်၊ ကံကောင်းချင်ရင်တော့ တစ်ရက်တည်းကို ၁၀ သိန်းလောက်ရချင်လည်း ရသွားနိုင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 


ဆက်စပ်အကြောင်းအရာများ



က္က