သူ့ရဲ့ သင်ဆရာ၊ မြင်ဆရာတွေထဲက တစ်ဦးဖြစ်ပါတယ်တဲ့။

ညီနန္ဒကတော့ သူ့အတွက် သင်ဆရာ၊ မြင်ဆရာတွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လူမင်းကို ထောပတ် ထမင်းနဲ့ သွားရောက် ကန်တော့ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Photo: Nyi Nanda



သရုပ်ဆောင် ညီနန္ဒဟာ သူ့အတွက် သင်ဆရာ၊ မြင်ဆရာတွေထဲက တစ်ဦးဖြစ်တဲ့ လူမင်းကို ထောပတ်ထမင်းနဲ့ သွားကန်တော့ခဲ့ပါတယ်။ သူ့အနေနဲ့ တစ်ပတ်တစ်ကြိမ် သင်ဆရာ၊ မြင်ဆရာ တစ်ဦးချင်းစီတိုင်းကို သွားရောက် ကန်တော့ဖို့ စိတ်ကူးထားတဲ့အကြောင်းကို အခုလို ပြောပြထားပါတယ်။ 

" ကျွန်တော့်ထောပတ်ထမင်း အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာတဲ့အချိန် ကျွန်တော်အလုပ်ချင်ဆုံးဆန္ဒက ကျွန်တော့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ၊ ကျွန်တော့်ကို ကူညီစောင့်ရှောက်ခဲ့ကြတဲ့ ကျေးဇူးရှင်တွေကို အလှည့်ကျ အနည်းဆုံးတစ်ပတ်နှစ်ကြိမ် ကျွန်တော့် ထောပတ်ထမင်းနဲ့ လိုက်ကန်တော့ချင်တာပါ။ ပြီးခဲ့တဲ့ (4.6.20) ရက်နေ့မှာ အလှည့်ကျတဲ့ ကျေးဇူးရှင်ကတော့ အန်ကယ်လေး ပါ" ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ ညနေ ၂နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Nyi Nanda

ထောပတ်ထမင်း ရောင်းရင်း ကိုယ်ပိုင်စီးပွားရေးအလုပ်ကို စတင်နေတဲ့ ညီနန္ဒကိုတော့ လူမင်းက ချီးကျူး စကားဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် တန်ဖိုးကြီး အင်္ကျီတစ်ထည် လက်ဆောင်ပေးခဲ့တာကြောင့်လည်း အရမ်းဝမ်းသာနေတယ်လို့ ညီနန္ဒက ပြောပါတယ်။ 

" ကျွန်တော့်ထောပတ်ထမင်း အောင်မြင်နေတာ အရမ်းဝမ်းသာကြောင်း နဲ့ ဘုရားတရားကိုလုံးဝပျက်မသွားဖို့ ဆုံးမစကားပြောပြီးတော့၊ ကျွန်တော်အရမ်းကြိုက်ပြီး ကျွန်တော့်တစ်သက် ကျွန်တော့်ပိုက်ဆံနဲ့တစ်ခါမှဝယ်မဝတ်ဖူးသေးတဲ့ Hugo Boss စပို့ရှပ်တစ်ထည် လက်ဆောင်ပေးလိုက်တယ်။ စပို့ရှပ်လေးကို အရမ်းကြိုက်တယ်။ကျေးဇူးလည်းအရမ်းတင်ပါတယ် အန်ကယ်လေး။ အန်ကယ်လေး ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်စုံပါစေ ခင်ဗျာ။ ဒီစပို့ရှပ်လေးရဲ့ Logo အတိုင်း "'Boss"' ဖြစ်အောင်အစွမ်းကုန်ကြိုးစားသွားပါ့မယ် ခင်ဗျာ" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Nyi Nanda

သရုပ်ဆောင် ညီနန္ဒဟာ COVID-19 ကာလမှာ ထောပတ်ထမင်း ရောင်းရင်း မိသားစု စီးပွားရေးတစ်ခုအဖြစ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ ထောပတ် ထမင်းကိုတော့ဝယ်ယူအားပေးတဲ့ ပရိသတ်တွေလည်း အများကြီးရှိသလို အနုပညာရှင် ညီအစ်ကို မောင်နှမတွေကလည်း ဝယ်ယူအားပေးကြရင်းအရသာကောင်းလှတဲ့ ထောပတ်ထမင်း အဖြစ် အသိအမှတ်ပြုကြတာကို တွေ့ရပါတယ်။ ထောပတ်ထမင်းလုပ်ငန်းကို ရေရှည် လုပ်ကိုင်သွားမယ်လို့လည်း ညီနန္ဒက Duwun ကို ပြောပြခဲ့ဖူးပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က