ကျန်းမာရေးအမြန်ဆုံးကောင်းဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။

ရေနွေးပူလောင်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီး တော့ပ် အတွက် ရန်အောင်က ဆေးကုသစာရိတ် (၅) သိန်း ထောက်ပံ့ခဲ့ပါတယ်။ 

Photo: Yan Aung



အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ လူရွှင်တော် တော့ပ် အတွက် ဆေးဖိုးငွေကျပ် (၅)သိန်း လှူဒါန်းခဲ့ပါတယ်။ ရန်အောင် ကိုယ်စား သတင်းမီဒီယာ ပညာရှင်ကြီး ဦးဝင်းငြိမ်းက ကိုယ်စားသွားရောက် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

" ရန်ကုန်ဆေးရုံကြီးမှာ တစ်ကိုယ်လုံးရဲ့သုံးပုံတစ်ပုံ ရေနွေးပူလောင်ခံရတဲ့ လူရွှင်တော်တော့ပ် အတွက်ဆေးဖိုးလိုငွေကျပ်ငါးသိန်းကို အလှူရှင် အကယ်ဒမီရန်အောင်ကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ဘယ်လိုလုပ်ပြီးရေနွေးပူလောင်ရတာလဲလို့မေးကြည့်တော့ ကိုဗစ်ကာလမှာဝင်ငွေမရှိတာကြောင့်မိန်းမက မကျေနပ်လို့ ရေနွေးပူနဲ့လောင်းချခဲ့တာလို့ဆိုပါတယ်" ဆိုပြီးတော့ ဇွန်လ ၂၇ နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ လူရွှင်တော် တော့ပ် ကိုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး မော့စ် နဲ့ ရုပ်ချင်းဆင်တာကြောင့် ပရိသတ်တွေက သိကြပါတယ်။ 

Photo: Yan Aung

အဲဒီနောက် ရန်အောင်က ဦးဝင်းငြိမ်းကိုလည်း ကျေးဇူးတင်ကြောင်း စကားဆိုထားပါတယ်။ ဇနီးဖြစ်သူက ရေနွေးပူလောင်းထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော် တော့ပ် ကို ကျန်းမာရေး ပြန်ကောင်းစေချင်ဖို့ ဆုတောင်းစကား ပြောခဲ့ပြန်ပါသေးတယ်။ 

"အစ်ကို ကိုဝင်းငြိမ်းက ပါရမီဖြည့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရပါတယ်ခင်ဗျာ။ လူရွှင်တော် ကိုတော့ပ် လည်းဝေဒနာတွေအမြန်ဆုံးပျောက်ကင်းကျန်းမာပြီး အနုပညာအလုပ်များ ပိုမိုဆောင်ရွက်အောင်မြင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်ခင်ဗျာ" လို့ သူက ဆိုပါတယ်။ 

Photo: Yan Aung

ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က