မင်းသွေးရဲ့ နောက်ဆုံးအခွေလေး။

သရုပ်ဆောင် မင်းသွေးနဲ့အတူ သားငယ်၊ ညီမင်းခိုင်တို့ သုံးယောက် ပေါင်းပြီး သီဆိုထားတဲ့ “ပထမသုံး” အခွေ နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို မတ်လ(၆) ရက်နေ့က ရန်ကုန်မြို့ Country Home မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခွေကို မတ်လ(၁၀) ရက်နေ့မှာ စတင်ဖြန့်ချိမှာပါ။

မတ်လ(၁၀) ရက်နေ့မှာ ထွက်ရှိလာမယ့် “ပထမသုံး” သီချင်းခွေဟာ မင်းသွေးပရိသတ်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုဖြစ်စေမှာပါ။ ပထမသုံး အခွေထဲမှာ တေးရေးညီမင်းခိုင်၊ သားငယ်တို့နဲ့အတူ မင်းသွေးလည်း ပါဝင်သီဆိုထားတာဖြစ်ပြီး မင်းသွေးရဲ့ နောက်ဆုံးအခွေလေးလည်း ဖြစ်တယ်လို့ သားငယ်က ပြောပြလို့လာပါတယ်။

“အခွေက သူ့အတွက် နောက်ဆုံးအခွေလေးဖြစ်တယ်။ လုပ်နေရင်းနဲ့မှ သူမရှိတော့တဲ့ အခါမှာတော့ လုပ်ရတာ အားတော့ လျော့သွားတယ်။ ဒါပေမဲ့ ရှိတဲ့သူနဲ့ ကိုညီမင်းခိုင်ရယ် ကျွန်တော်ရယ် ကိုနေတိုးလည်း ကူညီပေးတယ်။ အားလုံး သိုက်သိုက်ဝန်းဝန်းလေးနဲ့ လုပ်ကြတယ်။ သူ့မိသားစုဘက်ကလည်း ဒိအခွေနဲ့ ပတ်သက်ပြီး တော်တော်ကူညီပေးတယ်။ သူ့ရဲ့ ပရိသတ်တွေအတွက် တန်ဖိုးရှိမယ့် အခွေလေးဖြစ်မှာပါ” လို့ ဒီနေ့(မတ်လ၆ရက်)က သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့တာပါ။

မင်းသွေးရဲ့ ပါဝင်ထားတဲ့ ပထမသုံးအခွေ ထွက်ရှိလာချိန်မှာ မင်းသွေးမရှိတော့တဲ့အတွက် အကိုတစ်ယောက်အနေနဲ့ အရမ်း စိတ်မကောင်းဖြစ်မိတယ်လို့ နေတိုးက ဆိုပါတယ်။

“စိတ်ခံစားချက်ကတော့ စိတ်မကောင်းဘူးပေ့ါ။ အဓိကက အနုပညာဖန်တီးတဲ့ လူတွေအတွက် သူတို့ဖန်တီးထားတဲ့ အရာလေးတွေဟာ ပရိသတ်တွေလက်ထဲရောက်တဲ့အချိန်က အရမ်းပျော်စရာကောင်းတဲ့ အချိန် နောက်တစ်ခုက သူတို့ရဲ့ မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်တဲ့အတွက် ပီတိဖြစ်ရတဲ့အချိန်ပေ့ါ။ ဒီအချိန်အခါတစ်ခုကို သူ့အနေနဲ့ မခံစားလိုက်ရတဲ့အတွက် အရမ်းလည်း စိတ်မကောင်းဖြစ်မိတယ်။ သူ့ရဲ့ ပရိသတ်တွေအနေနဲ့လည်း ဒီအခွေကို နားထောင်တဲ့အချိန်မှာ ကျေနပ်နေမယ်လို့ ယုံကြည်နေတယ်။ ဒီအခွေလေးက သူ့အတွက် အမှတ်တရ တော်တော်လေး ဖြစ်ပါတယ်” ဆိုပြီး နေတိုးက သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။

မင်းသွေး၊ ညီမင်းခိုင်၊ သားငယ်တို့ ပါဝင်သီဆိုထားတဲ့ “ပထမသုံး” အခွေထဲမှာ မင်းသွေး(၂)ပုဒ်၊ ညီမင်းခိုင်(၂)ပုဒ်၊ သားငယ်(၂)ပုဒ်နဲ့ သုံးယောက်ပေါင်း (၁) ပုဒ် သီဆိုထားတယ်လို့ သိရပါတယ်။



က္က