ရွာဦးကျောင်းမှာ ကျောင်းဆောင်လေး ဆောက်နိုင်ခဲ့ပါပြီတဲ့။

မနောက မိခင်ဖြစ်သူနဲ့အတူ မောင်နှမတွေစုပြီး ဇီးကန်ကျွန်းကျေးရွာမှာရှိတဲ့ ရွာဦးကျောင်းမှာ ကျောင်းဆောင် တစ်ဆောင်လေးကို လှူဒါန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီအလှူက အနုပညာကြေးကရတဲ့ ငွေနဲ့ လှူတာဖြစ်လို့ ပီတိဖြစ်ရပါတယ်တဲ့။

Photo: မနော

တေးသံရှင် မနောက မိခင်ဖြစ်သူရဲ့ ဆန္ဒကြောင့် ဇီးကန်ကျွန်းကျေးရွာမှာရှိတဲ့ ရွာဦးကျောင်းမှာ ကျောင်းဆောင် တစ်ဆောင်ကို မောင်နှမတွေ စုပြီး လှူဒါန်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကုသိုလ်ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေတာကို တွေ့ရပါတယ်။

‘’မင်္ဂလာပါ။ ကျွန်တော့်မေမေ ဇီးကန်ကျွန်း ရွာဦးကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းဖြစ်တယ်။ မေမေဆွဲထားသော ရွှေဆွဲကြိုး လက်ကောက် အားလုံးရောင်းပြီးစတင်စီစဉ်ပါလေရော သိန်း(၈၀) ဖိုးလောက်ရတယ်ပေါ့။ ထိုကျောင်းဆောင်ရဲ့ ကုန်ကျစရိတ်ကတော့ သိန်း (၂၃၀) ကျော်မယ်။ သားသမီးတွေကိုလည်းလှူစေချင်တယ်လေ။ ဒါနဲ့မေမေ လိုအပ်မည့်ငွေကိုကျွန်တော်တို့ သားသမီးများက ဝိုင်းဝန်းအင်းအားဖြည့်ပြီးအမြန်ဆောက်လုပ်လှူဒါန်းနေပြီဗျို့’’ ဆိုပြီးတော့ ဧပြီလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာရေးသားခဲ့ပါတယ်။

Photo: မနော

မနောဟာ ဒီအလှူက သူ့ရဲ့ အနုပညာကြေးကနေ ရတဲ့ ငွေကြေးနဲ့ လှူခဲ့တာဖြစ်ပါတယ်တဲ့။ ခေတ်လူငယ်တွေ အနေနဲ့ မိဘကို ရိုသေတတ်သူ တစ်ဦးပီပီ ချစ်ခင်လေးစားရိုသေတတ်ဖို့ကိုလည်း အကြံပြုပြောပြခဲ့ပါတယ်။

‘’မိဘ မရှိတော့မှ နာမည်တပ်ပြီးလှူတာ မသေချာဘူးလေ။ ဒါကြောင့်ဒီနှစ် သင်္ကြန် Sky net မဏ္ဍပ်မှာဆိုဖြစ်တယ်။ ဆိုလို့ရတဲ့အနုပညာကြေးရယ် ယခင်ပွဲတွေဆိုထားတဲ့ အနုပညာဖြင့်ဖြူစင်စွာရသော ငွေများဖြင့်သာ မေမေ့ကျောင်းဆောင်ကိုလှူဒါန်းခဲ့ပါတယ်။ အားလုံးသော သူများကို အကြံလေးပေးပါရစေ မိဘကို ကန်တော့ပြီဆိုလျှင် ခြေဖျားကို မိမိဦးခေါင်းဖြင့်ထိ၍ မာန်ချကာ ကန်တော့စေချင်သည် ရှက်စရာ မဟုတ် ရွံစရာမဟုတ်ပါ ကျေးဇူးတွေကဆပ်မကုန်အောင်များပြားလွန်း၍ဖြစ်ပါသည်။အားလုံးသော တေးချစ်သူများနှင့် (၇)ရက်သားသမီးများ ဤကုသိုလ်တွေ ကျွန်တော်တို့နှင့်အတူ ထပ်တူရပါစေ" လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: မနော

မနောကိုတော့ ပရိသတ်တွေက ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေကနေတဆင့် ပရိသတ်စတင်သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်းသာမက၊ လူကြီး၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ’’ သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။

Photo: မနော

မနော( Ma Naw)ဟာ မြန်မာသံစဉ်တေးသီချင်းတွေကို မြူးမြူးကြွကြွ သီဆိုလေ့ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်။ တစ်ကိုယ်တော် သီချင်းတွေလည်း ထွက်ရှိထားသူတစ်ဦးပါ။ 



က္က