အမေရိကန်မှာ သုံးနှစ်ကျော် ပညာသင်ယူခဲ့တာပါ။

စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ သားလေး မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကို ပြန်လာပြီး အနုပညာအလုပ်တွေ လုပ်တော့မယ်လို့ သိရပါတယ်။ သားဖြစ်သူ ပြန်လာတော့မှာဖြစ်လို့ စင်ရော်မောင်မောင်လည်း ဝမ်းသာလို့နပေါတယ်။

Photo : စင်ရော်မောင်မောင်



စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်က မကြာခင်မှာ မြန်မာနိုင်ငံ ပြန်လာတော့မှာပါ။ သူသင်ယူခဲ့တဲ့ ပညာတွေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အနုပညာအလုပ်တွေ လုပ်ကိုင်သွားတော့မယ်လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။

New York Film Academy တွင် ရုပ်ရှင်ပညာကို ၃ နှစ်ကျော်ကြာ ပညာသင်ကြားပြီးနောက်  ၂၀၁၈ ခုနှစ်၌ Bachelor of Fine Arts ဘွဲ့ ရရှိကာ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရုပ်ရှင်အနုပညာလုပ်ငန်း  စတင်လုပ်ဆောင်ရန်ရှိသဖြင့် နှုတ်ဆက်ညစာစားပွဲပြုလုပ်ကျင်းပပါသည်” ဆိုပြီး ဖေဖော်ဝါရီ(၁၈) ရက်နေ့က သူ့ရဲ့ ဖေ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : စင်ရော်မောင်မောင်

မြန်မာနိုင်ငံကို ပြန်မလာခင်မှာလည်း မိတ်ဆွေသူငယ်ချင်းတွေကို ညစာစားပွဲ ပြုလုပ်ပေးခဲ့တယ်လို့ စင်ရော်မောင်မောင်က ပြောထားပါသေးတယ်။ မင်းသန့်မောင်မောင်ဟာ အမေရိကန်ရှိ Los Angeles, California, New York Film Academy School မှာ (၃)နှစ်ကျော် ပညာသင်ယူခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ထိုကျောင်းက ချီးမြှင့်တဲ့ Bachelor of Fine Arts ဘွဲ့ ရရှိခဲ့ပါတယ်။ နိုင်ငံခြားမှာ အနုပညာဆိုင်ရာ ဘာသာရပ်များကို လေ့လာနေတဲ့ မင်းသန့်မောင်မောင်ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က မြန်မာနိုင်ငံသို့ခေတ္တခဏ ပြန်လာခဲ့ပါသေးတယ်။

Photo : စင်ရော်မောင်မောင်

သူပြန်လာချိန်မှာလည်း New York Film Academy မှ Final Thesis အတွက် Short Film လာရောက် ရိုက်ကူးတာဖြစ်ပြီး ယင်း Short Film ကို "Look At Me" လို့နာမည်ပေးခဲ့ပါတယ်။ အဲ့ဒီ Film ဟာ ကွဲကွာနေတဲ့ မိဘတွေကြားထဲမှာ သူကျင်လည်ရတဲ့ ခံစားချက်ကို ပုံဖော်ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

မင်းသန့်မောင်မောင်ဟာ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သလို ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ကလေးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ မိသားစု သုံးယောက်ပေါင်းပြီး ကြိုးစားရိုက်ကူးထားတဲ့ ''ထာဝရအမေ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်။

Photo : စင်ရော်မောင်မောင်

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်က"ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင်ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။


ဆက်စပ်အကြောင်းအရာများ



က္က