ဦးဇင်ဝိုင်းက ဥက္ကဌ အဖြစ်နုတ်ထွက်စာ တင်ခဲ့တာပါ။
Ei Ei Myat

မြန်မာနိုင်ငံရဲ့ ဥက္ကဌ ဦးဇင်ဝိုင်းက နိုဝင်ဘာ(၁) ရက်နေ့က ရုပ်ရှင်အစည်းအရုံးဥက္ကဌရာထူးကနေ နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။

photo : tin tun win

ဦးဇင်ဝိုင်း ဥက္ကဌ ရာထူးက နုတ်ထွက်စာတင်ပြီးနောက် ဥက္ကဌရာထူးအတွက်ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေးတဲ့အချိန်မှာ အတွင်းရေးမှုးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်ကို ဥက္ကဌအဖြစ် ပေးအပ်ဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဥက္ကဌရာထူးနဲ့ ပတ်သက်ပြီး နိုဝင်ဘာ(၆)ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံး နာယကကြီးများ အစည်းအဝေးလုပ်ပြီးချိန်မှ တိတိကျကျ အဖြေပေးနိုင်မယ်လို့ အတွင်းရေးမှူး ဒါရိုက်တာ ညီညီထွန်းလွင်ကဆိုပါတယ်။

“အခုက ဥက္ကဌရာထူးလစ်လပ်သွားတဲ့ အဲဒီနေရာမှ ဘယ်သူကို ပေးမလဲဆိုတာမျိုး ဝိုင်းစဉ်းစားနေတုန်းပေ့ါ။ နာယကကြီးတွေနဲ့ အင်္ဂါနေ့မှာ အစည်းအဝေးလုပ်ပြီးမှ ဘယ်သူဆိုတာ တိတိကျကျ ပြောလို့ရမယ်။ လောလောဆယ်တော့ အားလုံးက ဦးညီကို လုပ်စေချင်လို့ ဝိုင်းပြီး congratulation လုပ်တဲ့သဘောပါ။ သေချာတော့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ဒါရိုက်တာ ညီညီထွန်းလွင်ကို ဥက္ကဌ ရာထူးပေးအပ်ဖို့အတွက် လျာထားတဲ့အချိန်မှာလည်း အနုပညာလောက သားများအားလုံးက ဝမ်းမြောက် ဂုဏ်ယူလို့နေကြပါတယ်။ ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကို သယ်ပိုးနိုင်မယ့် သူတစ်ယောက် အဖြစ် မြင်တွေ့ချင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ပေးထားကြတာ တွေ့ရပါတယ်။

ဦးဇင်ဝိုင်းဟာ ဥက္ကဌ ရာထူးက နုတ်ထွက်ရခြင်းအကြောင်းအရင်းနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမှူးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်က နိုဝင်ဘာ(၁)ရက်နေ့က Duwun Media ကနေတဆင့် ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’အဓိက က ခါးရောဂါရှိတယ်။ ကျန်းမာရေးကြောင့်ပေါ့။သူက အစည်းအရုံးကိစ္စနဲ့ ပတ်သက်လာရင်လည်း သူပဲဦးဆောင်ပြီးလုပ်တာများပါတယ်။ ဦးဇင်ဝိုင်း ဥက္ကဌ တာဝန်ထမ်းဆောင်တာ ၂ နှစ်ကျော်ပါပြီ။ သူ တာဝန်ထမ်းဆောင်နေတဲ့အတွင်းမှာ အခုလုပ်နေတဲ့ ပြသညှိနှိုင်းအစည်းအဝေးဆိုရင်လည်း သူတစ်ယောက်ပဲ ခေါင်းခံ၊ ဦးနှောက်ခြောက်ခံပြီးတော့ အပတ်တိုင်းဆွေးနွေးနေတာပါ။ ရုံရှင်၊ ဇာတ်ကားရှင်၊ထုတ်လုပ်သူတွေ ကြားမှာ အလုပ်လုပ်ရတာ တော်တော် စိတ်ညစ်စရာတွေတော့ရှိတယ်။ တခြားသူတွေကလည်း စိတ်လိုလက်ရ လိုက်မလုပ်နိုင်ပေမယ့် ဘေးကနေတော့ အကြံပေးကြပါတယ်။ ကိစ္စရပ်တော်တော်များများမှာလည်း ကိုယ်ဖိရင်ဖိလုပ်တယ်။ မအိပ်မစား အလုပ်တွေလည်းလုပ်တယ်။ ညဘက်တွေရောက်တော့လည်း အိပ်မပျော်၊ စိတ်ဖိစီးမှုတွေရှိပါတယ်’’ လို့ ဆိုပါတယ်။

ဦးဇင်ဝိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌတာဝန်ကို ၂၀၁၇ ခုနှစ်က စပြီး ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။


က္က